ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ရောက်လေ၏။ ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှာ သွားလေ၏။ အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသောမိန်းမဖြစ်သည်ကိုငါသိ၏။ အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။ သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်ဟု ဆို၏။ အာဗြံသည် အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည်မြင်ကြ၏။ ဖာရောဘုရင်၏မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။ ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။ ထာဝရဘုရားသည်၊ အာဗြံ၏မယားစာရဲအတွက်ကြောင့်၊ ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။ ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍၊ သင်သည်ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည်သင်၏မယားဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။ ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှာ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။ ထိုသို့အာဗြံအမှုကိုစီရင်၍၊ မိမိလူတို့အားမှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသောဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။
ကမ္ဘာဦး 12 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 12:8-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ