ယေဇကျေလ 9
9
ယေရုရှလင်မြို့ဒဏ်ခတ်ခံရခြင်း
1ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ 2ထိုအခါ လူခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တစ်ယောက်သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ 3ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကျိန်းဝပ်ရာခေရုဗိမ်မှ အိမ်တော်တံခါးခုံသို့ တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မင်အိုးပါသောသူကိုခေါ်၍၊ 4ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကိုထိုးမှတ်လော့ ဟူ၍လည်းကောင်း၊#ဗျာ၊ ၇:၃၊ ၉:၄၊ ၁၄:၁။ 5အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။ 6အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။ 7တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍၊ ကွပ်မျက်သောသူ အသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။
8ထိုသို့ သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါနေရစ်စဉ်တွင် ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့အပေါ်သို့ အမျက်တော်ကိုသွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍ လျှောက်လေ၏။ 9ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အပြစ်သည် အလွန်တရာကြီး၏၊ တစ်ပြည်လုံးသည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က၊ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။ 10ထိုကြောင့်၊ ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။ 11ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါသောသူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 9: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.