YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 37

37
အ​ရိုး​တို့​နှင့်​ပြည့်​သော​ချို​င့်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊ 2ထို​အ​ရိုး​တို့​ပတ်​လည်၌ လျှောက်​သွား​စေ​တော်​မူ၏။ ထို​ချိုင့်​မျက်​နှာ​ပြင်၌ များ​စွာ​သော​အ​ရိုး​တို့​သည်​ရှိ၍ အ​လွန်​သွေ့​ခြောက်​ကြ၏။ 3ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် အ​သက်​ရှင်​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သိ​တော်​မူ​သည်​ဟု လျှောက်​လေ၏။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​ရိုး​တို့​အ​ပေါ်​မှာ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​မှာ၊ အို သွေ့​ခြောက်​သော အ​ရိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 5ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။ 6သင်​တို့​အ​ပေါ်​မှာ အ​ကြော​တို့​ကို ငါ​တင်၍ အ​သား​ကို​တက်​စေ​မည်။ အ​ရေ​နှင့် ဖုံး​လွှမ်း၍၊ အ​သက်​ကို သွင်း​သ​ဖြင့် သင်​တို့​သည် အ​သက်​ရှင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု၊ 7မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည် ပ​ရော​ဖက်​ပြု၏။ ပ​ရော​ဖက်​ပြု​စဉ်​တွင် အ​သံ​မြည်၏။ လှုပ်​ရှား​ခြင်း​လည်း ရှိ၏။ အ​ရိုး​တို့​သည် တစ်​ခု​အ​နီး​သို့​တစ်​ခု ချဉ်း​ကြ၏။ 8ငါ​ကြည့်​ရှု​စဉ်​တွင် အ​ကြော​တို့​သည်​ပေါ်​လာ၍ အ​သား​လည်း​တတ်၏။ အ​ရေ​လည်း ဖုံး​လွှမ်း၏။ သို့​ရာ​တွင်၊ အ​သက်​မ​ရှိ​သေး။ 9ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊ 10မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည်​ပ​ရော​ဖက်​ပြု၍၊ လေ​သည် သူ​တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့် သူ​တို့​သည် အ​သက်​ရှင်၍၊ အ​လွန်​များ​သော ဗိုလ်​ခြေ​ဖြစ်​လျက် မတ်​တတ်​နေ​ကြ၏။#ဗျာ၊ ၁၁:၁၁။ 11ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။ 12သို့​ဖြစ်၍၊ ပ​ရော​ဖက်​ပြု​လျက် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍ သင်​တို့​ကို ထုတ်​ပြီး​လျှင် ဣ​သ​ရေ​လ​ပြည်​သို့ ပို့​ဆောင်​မည်။ 13အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍​သင်​တို့​ကို ထုတ်​ပြီး​လျှင်၊ 14အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
တုတ်​နှစ်​ချောင်း
15တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 16အ​ချင်း​လူ​သား၊ တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယု​ဒ​အ​မျိုး​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဖို့​ဟု ရေး​မှတ်​လော့။ တစ်​ဖန် တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယော​သပ်​အ​မျိုး​နှင့် သူ၏ အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အ​ဖို့၊ ဧ​ဖ​ရိမ်​တုတ်​ပေ​တည်း​ဟု ရေး​မှတ်​လော့။ 17ထို​တုတ်​နှစ်​ချောင်း​ကို တစ်​ချောင်း​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပူး​ထား၍၊ ထို​တစ်​ချောင်း​တည်း​သော တုတ်​ကို လက်​စွဲ​လော့။ 18သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထို​သို့​ပြု​သော်၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို ငါ​တို့​အား​မ​ပြော​သင့်​သ​လော​ဟု မေး​လျှင်၊ 19အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဧ​ဖ​ရိမ်​ကိုင်​သော ယော​သပ်၏​တုတ်​နှင့်၊ သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ငါ​ယူ၍ ယု​ဒ​တုတ်​နှင့်​အ​တူ ပူး​ထား​ပြီး​လျှင်၊ တစ်​ချောင်း​တည်း​ဖြစ်​သော တုတ်​ကို ငါ​လက်​စွဲ​မည်​ဟု ဆင့်​ဆို​လျက်၊ 20သင်​ရေး​မှတ်​သော ထို​တုတ်​ကို သူ​တို့​မျက်​မှောက်၌ လက်​စွဲ​လျက်​နေ​လော့။ 21အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်​တို့​မှ သူ​တို့​ကို​ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​ကို နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ 22ထို​ပြည်​တွင် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ လူ​တစ်​မျိုး​တည်း​ဖြစ်​စေ၍၊ ရှင်​ဘု​ရင်​တစ်​ပါး​တည်း​သာ​လျှင် ထို​သူ​အ​ပေါင်း​တို့​ကို စိုး​စံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် လူ​နှစ်​မျိုး​မ​ဖြစ်​ရ။ နှစ်​တိုင်း​နှစ်​ပြည် ကွဲ​ပြား​လျက်​မ​ရှိ​ရ။ 23နောက်​တစ်​ဖန် သူ​တို့​ရုပ်​တု​များ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ၊ လွန်​ကျူး​ခြင်း​အ​မှု​များ​နှင့် ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ​ကြ။ သူ​တို့​ပြစ်​မှား​လေ​ရာ​ရာ အ​ရပ်​တို့​မှ ငါ​ကယ်​နုတ်၍ သန့်​ရှင်း​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ 24ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သိုး​ထိန်း​တစ်​ဦး​တည်း ရှိ​ကြ​လိမ့်​မည်။ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​ကြ​လိမ့်​မည်။#ယေ​ဇ၊ ၃၄:၂၄။ 25ငါ၏​ကျွန်​ယာ​ကုပ်​အား​ငါ​ပေး၍၊ သင်​တို့ ဘိုး​ဘေး​များ​နေ​ဖူး​သော ပြည်၌ သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် နေ​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့​ကို အ​စဉ်​အ​မြဲ​စိုး​စံ​လိမ့်​မည်။ 26ထို​မှ​တစ်​ပါး၊ သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ပ​ဋိ​ညာဉ်​ကို ငါ​ဖွဲ့၍၊ ထို​ပ​ဋိ​ညာဉ်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​လိမ့်​မည်။ သူ​တို့​ကို​နေ​ရာ​ချ၍ များ​ပြား​စေ​မည်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​ထား​မည်။ 27ငါ၏​ဗိ​မာန်​တော်​သည်​လည်း သူ​တို့၌​ရှိ၍၊ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​လိမ့်​မည်။#၂​ကော၊ ၆:၁၆။ ဗျာ၊ ၂၁:၃။ 28ထို​သို့ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​သည် သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​တည်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို သန့်​ရှင်း​စေ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 37: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။