ယေဇကျေလ 26
26
တုရုမြို့နှင့်ဆိုင်သောဗျာဒိတ်
1သက္ကရာဇ်ဆယ်တစ်ခု၊ ပထမတစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊#ဟေရှာ၊ ၂၃:၁-၁၈။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 2အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံတို့၏တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည်ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသောကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တစ်ဖက်၌ ဆိုမိသောကြောင့်၊ 3အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တစ်ဖက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတံပိုးတက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍ တိုက်စေမည်။ 4သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည်။ မြေမှုန့်ကို ငါခြစ်ခွာ၍ ရှင်းလင်းသောကျောက်ကဲ့သို့ ဖြစ်စေမည်။ 5ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာအရပ် ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ လူမျိုးလုယူရာ ဖြစ်ရလိမ့်မည်။ 6လယ်ပြင်၌ရှိသော သမီးတို့သည် ဓားဖြင့်သေ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
7တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင်ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့မည်။ 8သူသည် လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ဓားနှင့်သတ်လိမ့်မည်။ သင့်တစ်ဖက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။ 9သင်၏မြို့ရိုး တစ်ဖက်တစ်ချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။ 10မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကိုဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သောမြို့ထဲသို့ ဝင်တတ်သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထားမျိုး မြည်သံ၊ မြင်းစီးသူရဲတို့အသံကြောင့် သင်၏မြို့ရိုးလှုပ်ရှားလိမ့်မည်။ 11မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကိုနင်းလျက်၊ သင်၏လူတို့ကို ဓားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။ 12သင်၏ဥစ္စာကို လုယူ၍ သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန်တို့ကို ဖျက်ပြီးလျှင်၊ သင်၏ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာချပစ်ကြလိမ့်မည်။ 13သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီးသောစောင်းသံကို နောက်တစ်ဖန် အဘယ်သူမျှမကြားရ။#ဗျာ၊ ၁၈:၂၂။ 14သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ပိုက်ကွန်လှန်းရာအရပ်ဖြစ်ရလိမ့်မည်။ နောက်တစ်ဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
15တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်းအမှုဖြစ်၍၊ ထိခိုက်သောသူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်းအသံကြောင့် တစ်ကျွန်းတစ်နိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ 16သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်ကဆင်း၍၊ အင်္ကျီတော်ကိုလည်းကောင်း၊ ချယ်လှယ်သော အဝတ်တော်ကိုလည်းကောင်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကိုဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။#ဗျာ၊ ၁၈:၉-၁၀။ 17သူတို့ကလည်း၊ အို ကျော်စောသောမြို့၊ ပင်လယ်သားနေ၍ ပင်လယ်၌ အားကြီးသောမြို့၊ ပင်လယ်သားအပေါင်းတို့ ရိုသေဖွယ်သော မြို့သားနှင့် ပြည့်စုံသောမြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အားဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။ 18သင်ပြိုလဲသောနေ့တွင် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့်မည်။ 19အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက်၊ ပင်လယ်ကို သင့်အပေါ်သို့ဆောင်ခဲ့၍၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ၊ 20ရှေးလူဟောင်းတို့နေရာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ သင့်ကိုငါနှိမ့်ချ၍၊ သင်၌ လူမနေစေခြင်းငှာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ၊ ရှေးကာလမှစ၍ ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ၌ ငါ့ဘုန်းကို ငါဖွင့်မည်။ 21သင်မူကား၊ ကြောက်မက်ဖွယ်သောအရာဖြစ်၍၊ နောက်တစ်ဖန် အဘယ်သူမျှ ရှာ၍မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ ရောက်လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။#ဗျာ၊ ၁၈:၂၁။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 26: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.