YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 4

4
နိ​မိတ်​လ​က္ခ​ဏာ​ပြ​နိုင်​သော​တန်​ခိုး
1မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။ 2ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။ 3မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​လက်​ကို​ဆန့်၍ သူ့​အ​မြီး​ကို​ကိုင်​ဖမ်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လက်​ကို​ဆန့်၍ ဖမ်း​မိ​သ​ဖြင့်၊ သူ၏​လက်၌ လှံ​တံ​ဖြစ်​ပြန်​လေ​၏။ 5သို့​ပြု​လျှင် သူ​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား ထင်​ရှား​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် ယုံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။
6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​လက်​ကို သင်၏​ရင်​ခွင်​သို့​သွင်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​ကို​ရင်​ခွင်​သို့​သွင်း၍​ထုတ်​ပြန်​သော​အ​ခါ၊ လက်​သည် မိုး​ပွင့်​အ​ဆင်း​ကဲ့​သို့ နူ​လေ​၏။ 7တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။ 8ထို​သူ​တို့​သည်​သင့်​ကို​မ​ယုံ၊ ပ​ထ​မ​နိ​မိတ်​သက်​သေ​ကို နား​မ​ထောင်​လျှင်၊ နောက်​ဖြစ်​သော​နိ​မိတ်​သက်​သေ​ကို ယုံ​ကြ​လိမ့်​မည်။ 9သို့​မ​ဟုတ် ထို​နိ​မိတ်​နှစ်​ပါး​ကို​မ​ယုံ၊ သင်၏​စ​ကား​ကို​နား​မ​ထောင်​လျှင်၊ သင်​သည် မြစ်​ရေ​အ​ချို့​ကို​ယူ၍ ကုန်း​ပေါ်​မှာ​သွန်း​လော့။ ထို​သို့ မြစ်​ထဲ​က​ယူ​သော​ရေ​သည် ကုန်း​ပေါ်​မှာ အ​သွေး​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။
10မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။ 11ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ၏​နှုတ်​ကို​အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ စ​ကား​အ​သော​သူ၊ နား​ပင်း​သော​သူ၊ မျက်​စိ​မြင်​သော​သူ၊ မ​မြင်​သော​သူ​တို့​ကို အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​သည် မ​ဟုတ်​လော။ 12သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။ 13မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊ 14ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား အ​မျက်​တော်​ထွက်၍၊ လေ​ဝိ​လူ​အာ​ရုန်​သည် သင်၏​အစ်​ကို​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​သည်​ကောင်း​မွန်​စွာ​ပြော​တတ်​သည်​ကို ငါ​သိ၏။ သူ​သည်​လည်း​သင့်​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ယ​ခု​လာ၏။ တွေ့​မြင်​သော​အ​ခါ ဝမ်း​မြောက်​လိမ့်​မည်။ 15သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။ 16သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။ 17သင်​သည် နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လ​တ္တံ့​သော ဤ​လှံ​တံ​ကို​လည်း၊ သင်၏​လက်၌​ကိုင်​ရ​မည်​ဟု မိန့်​တော်​မူ၏။
အဲ​ဂု​တ္တု​ပြည်​သို့​မော​ရှေ​ပြန်​လာ​ခြင်း
18မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။ 19ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​သွား​လော့။ သင်၏​အ​သက်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ပြီ​ဟု မိ​ဒျန်​ပြည်၌ မော​ရှေ​အား​မိန့်​တော်​မူ၏။ 20ထို​အ​ခါ၊ မော​ရှေ​သည် မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​ကို​ယူ၍ မြည်း​ကို​စီး​စေ​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လှံ​တံ​တော်​ကို​လက်​စွဲ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လေ၏။ 21ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။ 22ဖာ​ရော​ဘု​ရင်​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​သည်​ငါ့​သား​ဖြစ်၏။ ငါ့​သား​ဦး​ဖြစ်၏။ 23ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။#ထွ၊ ၁၂:၂၉။
24ခ​ရီး​သွား​စဉ်​တွင်၊ စ​ခန်း​ဇ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို​တွေ့၍ ကွပ်​မျက်​ခြင်း​ငှာ ရှာ​ကြံ​တော်​မူ၏။ 25ထို​အ​ခါ၊ ဇိ​ပေါ​ရ​သည် ဓား​ကို​ယူ၍ သား၏​အ​ရေ​ဖျား​ကို​လှီး​ဖြတ်​ပြီး​မှ၊ လင်၏​ခြေ​ရင်း၌​ပျပ်​ဝပ်​လျက်၊ အ​ကယ်​စင်​စစ်​သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်​သည်​ဟု ဆို၏။ 26ထို​အ​ခါ မော​ရှေ​ကို လွှတ်​တော်​မူ၏။ မ​ယား​က​လည်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကြောင့်၊ သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်၏​ဟု​ဆို​သ​တည်း။
27ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ရှေ​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​တော​သို့​သွား​လော့​ဟု အာ​ရုန်​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​သည်​သွား​လျှင်၊ ဘု​ရား​သ​ခင်၏​တောင်​ပေါ်၌ မော​ရှေ​ကို​တွေ့၍ နမ်း​ခြင်း​ကို​ပြု၏။ 28မော​ရှေ​သည်​လည်း၊ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ မှာ​ထား​တော်​မူ​သ​မျှ​သော နိ​မိတ်​သက်​သေ​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်​အား​ကြား​ပြော​လေ၏။
29ထို​သူ​ညီ​နောင်​နှစ်​ပါး​တို့​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ 30အာ​ရုန်​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​ပြန်​ပြော၍၊ လူ​တို့​ရှေ့​မှာ​နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လေ၏။ 31ထို​လူ​များ​တို့​သည်​ယုံ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို မှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း ကြား​သော​အ​ခါ၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။