YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12

12
ပ​သ​ခါ​ပွဲ​တော်
1ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၌ မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ 2ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။ 3သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။ 4အိမ်​ထောင်​ငယ်၍ သိုး​သ​ငယ်​တစ်​ကောင်​နှင့် မ​တန်​လျှင်၊ နီး​စပ်​သော​အိမ်​နီး​ချင်း​နှင့် စပ်​ဖက်၍ လူ​မည်​မျှ​ရှိ​သည်​ဟု ရေ​တွက်​ပြီး​လျှင်၊ တစ်​ကောင်​ကို စား​လောက်​သော​သူ​များ​ကို​ထောက်၍ သိုး​သ​ငယ်​တစ်​ကောင်​ကို ယူ​ရ​မည်။ 5သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။ 6ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။ 7သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။ 8အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။ 9အ​သား​စိမ်း​သည်​ဖြစ်​စေ၊ ရေ​နှင့်​ပြုတ်​သည်​ဖြစ်​စေ မ​စား​ရ။ ခေါင်း၊ ခြေ​ထောက်၊ အ​သည်း၊ နှ​လုံး​စ​သည်​တို့​နှင့်​တ​ကွ၊ မီး​ကင်​ပြီး​မှ စား​ရ​မည်။ 10နံ​နက်​တိုင်​အောင် ထို​အ​သား​ကို​မ​ကြွင်း​စေ​ရ။ အ​နည်း​ငယ်​ကြွင်း​လျှင် မီး​နှင့်​ရှို့​ရ​မည်။ 11အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။ 12အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ 13သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။#ဝတ်၊ ၂၃:၅၊ တော၊ ၉:၁-၅၊ ၂၈:၆၊ တရား၊ ၁၆:၁-၂။
တ​ဆေး​မဲ့​မုန့်​ပွဲ​တော်
14ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။#ထွ၊ ၂၃:၁၅၊ ၃၄:၁၈၊ ဝတ်၊ ၂၃:၆-၈၊ တော၊ ၂၈:၁၇-၂၅၊ တရား၊ ၁၆:၃-၈။ 15ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ 16ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။ 17ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။ 18ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​မှ​စ၍ နှစ်​ဆယ်​တစ်​ရက်​နေ့ ညဉ့်​ဦး​တိုင်​အောင်၊ သင်​တို့​သည် တ​ဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​မည်။ 19ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​အိမ်​များ​၌ တ​ဆေး​မ​ရှိ​ရ။ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ ပြည်​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ 20သင်​တို့​နေ​ရာ​အ​ရပ်​ရပ်​တို့၌ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ တ​ဆေး​မ​ပါ​သော​မုန့်​ကို​သာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။
ပ​ထ​မ​ဦး​ဆုံး​ပ​သ​ခါ​ပွဲ​တော်
21ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။ 22ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။ 23အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။#ဟေ​ဗြဲ၊ ၁၁:၂၈။ 24သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။ 25က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့​သည်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။ 26သင်​တို့၏​သား​မြေး​တို့​က၊ ဤ​ဝတ်​ကို​ပြု၍ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ 27ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်၍၊ ငါ​တို့​အိမ်​များ​ကို ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အိမ်​များ​ကို လွန်​သွား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​သ​ခါ​ယဇ်​ဖြစ်​သ​တည်း​ဟု ပြန်​ပြော​ရ​ကြ​မည်​ဟု မော​ရှေ​ဆို​ပြီး​လျှင်၊ ထို​သူ​တို့​သည်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။ 28ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။
ဒ​သ​မ​ဘေး​ဒဏ်
သား​ဦး​များ​သေ​ဆုံး​ခြင်း
29သန်း​ခေါင်​အ​ချိန်​၌၊ ထာ​ဝ​ရ​ဘု​ရား​သည် နန်း​ထိုင်​သော​ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍ ထောင်​ထဲ​မှာ​အ​ချုပ်​ခံ​ရ​သော သူ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့၏​သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။#ထွ၊ ၄:၂၂-၃၁။ 30ထို​ည​တွင်၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ အဲ​ဂု​တ္တု​လူ​များ​တို့​သည်​ထ​ကြ၍၊ အ​သေ​ကောင်​ကင်း​သော အိမ်​တစ်​အိမ်​မျှ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်၌ ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​လေ​၏။ 31ထို​ည​ချင်း​တွင် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​တော်​မူ​လျှင်၊ သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထ၍ ငါ့​လူ​စု​ထဲ​က​ထွက်​သွား​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​သွား၍ ဝတ်​ပြု​ကြ​လော့။ 32သင်​တို့​တောင်း​သည်​အ​တိုင်း သိုး​နွား​များ​ကို​ယူ၍​သွား​ကြ​လော့။ ငါ့​ကို​လည်း ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ 33အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သေ​ကောင်​ဖြစ်​ကြ​ပြီ​ဟု​ဆို​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က အ​လျင်​အ​မြန်​လွှတ်​ခြင်း​ငှာ ကျပ်​ကျပ်​နှိုး​ဆော်​ကြ​၏။ 34ထို​လူ​တို့​သည် တ​ဆေး​မ​ရော​သေး​သော​မုန့်​စိမ်း​ကို​ယူ၍ မုန့်​နယ်​သော​ခွက်​တို့​ကို​လည်း အ​ဝတ်​နှင့်​တ​ကွ​ထုပ်၍​ထမ်း​ကြ​၏။ 35မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။#ထွ၊ ၃:၂၁-၂၂။ 36တောင်း​သည်​အ​တိုင်း​လည်း၊ ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို အဲ​ဂု​တ္တု​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ ဥ​စ္စာ​များ​ကို​လု​ယူ​ကြ၏။
ဣ​သ​ရေ​လ​တို့​ထွက်​ခွာ​ခြင်း
37ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။ 38အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။ 39တ​ဆေး​မ​ရော​ဘဲ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော မုန့်​စိမ်း​ကို​ယူ၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ဖုတ်​ရ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်၌ မ​နွှဲ​မ​ဖင့် အ​နှင်​ခံ​ရ​သော​ကြောင့်၊ ကိုယ်​စား​စ​ရာ​ကို​မ​ပြင်​မီ​ကြ။
40ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်၌​ဧည့်​သည်​ဖြစ်၍၊ တည်​နေ​ကြ​သော​ကာ​လ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဖြစ်​သ​တည်း။#က၊ ၁၅:၁၃၊ ဂလ၊ ၃:၁၇။ 41အ​နှစ်​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​ကြ​၏။ 42အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​တွက်​ကြောင့်၊ ထို​နေ့​ည​ကို အ​ထူး​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား၌​စောင့်​စ​ရာ​ကောင်း၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် စောင့်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ည​ကား၊ ဤ​သည်​ည​ပေ​တည်း။
ပ​သ​ခါ​ပွဲ​ဆိုင်​ရာ​ဥ​ပ​ဒေ​များ
43ပ​သ​ခါ​ပွဲ​တ​ရား​ဟူ​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။ 44သို့​ရာ​တွင် ငွေ​နှင့်​ဝယ်​သော​ကျွန်​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​လျှင် စား​ရ၏။ 45တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ အ​ခ​စား​သော​ကျွန်​ဖြစ်​စေ၊ မ​စား​ရ။ 46တစ်​အိမ်​တည်း၌​တစ်​ကောင်​ကို​စား​ရ၏။ အ​သား​ကို​အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။#တော၊ ၉:၁၂။ ယော၊ ၁၉:၃၆။ 47ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​ပွဲ​ကို​ခံ​ရ​ကြ​မည်။ 48သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊ သူ၌​ရှိ​သော​ယောက်ျား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ​စေ။ သို့​ပြီး​မှ​ထို​သူ​သည် ပြည်​သား​ကဲ့​သို့​ဖြစ်​သော​ကြောင့်၊ ချဉ်း၍​ထို​ပွဲ​သို့​ဝင်​စေ။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​မည်​သည်​ကား၊ ထို​ပွဲ၌​ဝင်၍ မ​စား​ရ။ 49အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​ဆိုင်​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်၌ ပ​ညတ်​ထား​တော်​မူ၏။ 50ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်၌ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြု​ကြ၏။ 51ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​သွား​တော်​မူ​ပြီး​လျှင်၊

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။