အာမုတ် 1
1
1ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင် ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီးမလှုပ်မီ နှစ်နှစ်အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသား အာမုတ်သည် ဣသရေလပြည်အတွက်ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊#၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၄:၂၃-၂၉။ 2ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။#ယောလ၊ ၃:၁၆။
အိမ်နီးချင်းနိုင်ငံများအပေါ်စီရင်ချက်
3ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့နှင့် ကြိတ်နယ်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။#ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။ 4ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ ဘုံဗိမာန်တို့ကို လောင်စေမည်။ 5ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကို ချိုးမည်။ အာဝင်ချိုင့်သားတို့ကိုလည်းကောင်း၊ ဗေသေဒင်မြို့၌ မင်းပြုသောသူတို့ကိုလည်းကောင်း ပယ်ဖြတ်မည်။ ရှုရိပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှာ သိမ်းသွားသောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။#ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ 7ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကိုလောင်စေမည်။ 8အာဇုတ်မြို့သားတို့ကိုလည်းကောင်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကိုလည်းကောင်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကိုလည်းတိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိတ်သဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။#ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁—၂၈:၁၉။ ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 10တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
11တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကိုကို ဓားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲ အငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။#ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။ 12တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
13တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှာ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။#ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။ 14ရဗ္ဗာမြို့ရိုးကိုမီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုးသက်မုန်တိုင်း ရောက်သောနေ့၌ လွင့်သွားခြင်းရှိလိမ့်မည်။ 15သူတို့ရှင်ဘုရင်ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
အာမုတ် 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.