ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူသဖြင့်၊- ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ ရှိသော တရားဇရပ်မှူးတို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ်မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊- သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။- ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊- သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။- သို့သော်လည်း ထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။- ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။- ရှောလုသည်လည်း မြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှ မမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။- သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲ နေလေ၏။ ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တစ်ယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည်ဟု လျှောက်၏။- သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။- မိမိမျက်စိကို မြင်ပြန်စေခြင်းငှာ အာနနိအမည်ရှိသောသူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီဟု မိန့်တော်မူ၏။- အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။- ဤအရပ်၌လည်း ကိုယ်တော်ကို ပတ္ထနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။- သခင်ဘုရားကလည်း၊ ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သော တန်ဆာဖြစ်၏။- အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။- အာနနိသည်လည်း သွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိ မြင်ပြန်စေခြင်းငှာလည်းကောင်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။- ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့် ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။ ထိုနောက် ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊- ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို တရားဇရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။- ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကို ပတ္ထနာပြုသောသူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှာ ဤအရပ်သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။- ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်းတိုင်ပင်ကြ၏။- ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကိုသတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊- သူ၏တပည့်တို့သည် ညအခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။ ယေရုရှင်လင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။- ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍လည်းကောင်း၊ သူ့အားမိန့်တော်မူသည် ဟူ၍လည်းကောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍လည်းကောင်း ပြောလေ၏။- ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဖော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက်နေ၏။- ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။- ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌လည်းကောင်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
တမန်တော် 9 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 9:1-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ