တမန်တော် 9:1-31
တမန်တော် 9:1-31 Judson Bible (JBMLE)
ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူသဖြင့်၊- ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ ရှိသော တရားဇရပ်မှူးတို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ်မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊- သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။- ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊- သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။- သို့သော်လည်း ထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။- ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။- ရှောလုသည်လည်း မြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှ မမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။- သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲ နေလေ၏။ ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တစ်ယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည်ဟု လျှောက်၏။- သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။- မိမိမျက်စိကို မြင်ပြန်စေခြင်းငှာ အာနနိအမည်ရှိသောသူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီဟု မိန့်တော်မူ၏။- အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။- ဤအရပ်၌လည်း ကိုယ်တော်ကို ပတ္ထနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။- သခင်ဘုရားကလည်း၊ ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သော တန်ဆာဖြစ်၏။- အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။- အာနနိသည်လည်း သွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိ မြင်ပြန်စေခြင်းငှာလည်းကောင်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။- ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့် ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။ ထိုနောက် ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊- ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို တရားဇရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။- ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကို ပတ္ထနာပြုသောသူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှာ ဤအရပ်သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။- ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်းတိုင်ပင်ကြ၏။- ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကိုသတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊- သူ၏တပည့်တို့သည် ညအခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။ ယေရုရှင်လင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။- ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍လည်းကောင်း၊ သူ့အားမိန့်တော်မူသည် ဟူ၍လည်းကောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍လည်းကောင်း ပြောလေ၏။- ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဖော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက်နေ၏။- ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။- ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌လည်းကောင်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
တမန်တော် 9:1-31 Common Language Bible (BCL)
ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊- သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။ သူသည်ခရီးပြု၍ဒမာသက်မြို့အနီး သို့ရောက်လာသောအခါ၌ မိုးကောင်းကင်မှ အလင်းရောင်ခြည်တစ်ခုသည်သူ၏ပတ် လည်တွင်ရုတ်တရက်ထွန်းတောက်လာ၏။- သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။ ရှောလုက ``အရှင်၊ အရှင်သည်မည်သူဖြစ် ပါသနည်း'' ဟုမေးလျှောက်၏။ ထိုအသံ က ``ငါကားသင်နှိပ်စက်ညှဉ်းဆဲနေသူ ယေရှုပင်တည်း။- သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ရှောလုနှင့်အတူခရီးပြုလျက်နေကြသူ တို့သည် ထိုအသံကိုကြားရသော်လည်း လူ တစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရ သဖြင့်ကြက်သေသေလျက်ရပ်နေကြ၏။- ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။- သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။ ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။ သခင်ဘုရားကလည်း ``သင်သည်ထ၍လမ်း ဖြောင့်အမည်တွင်သောလမ်းသို့သွားလော့။ တာရှု မြို့သားရှောလုဆိုသူကို ယုဒ၏အိမ်တွင်စုံ စမ်းမေးမြန်းလော့။ သူသည်ဆုတောင်းလျက် နေ၏။- သူသည်မျက်စိအလင်းပြန်လည်ရရှိနိုင် ရန် အာနနိဆိုသူလာ၍မိမိအပေါ်မှာ လက်တင်သည်ကိုဗျာဒိတ်ရူပါရုံတွင်မြင် ရလေပြီ'' ဟုမိန့်တော်မူ၏။ အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။- ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။ သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။- ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။- ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။- ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။- တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။ သူ၏စကားကိုကြားသူအပေါင်းတို့သည် လွန်စွာအံ့သြကြလျက် ``ဤသူသည်ထို သခင်ကိုပတ္ထနာပြုသူဟူသမျှကိုယေရု ရှလင်မြို့တွင်သတ်ဖြတ်ခဲ့သူမဟုတ်ပါလော။ ထိုသူတို့ကိုဖမ်းဆီး၍ယဇ်ပုရောဟိတ်ကြီး များထံခေါ်ဆောင်သွားရန်လာရောက်သူ မဟုတ်ပါလော'' ဟုဆိုကြ၏။ သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။ ထိုနောက်ရက်ပေါင်းများစွာကြာသောအခါ ယုဒအမျိုးသားတို့သည်ရှောလုကိုသတ် ရန်လျှို့ဝှက်ကြံစည်ကြ၏။- သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။- သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။ သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။- ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။- ရှောလုသည်လည်းတမန်တော်တို့နှင့်အတူ ယေရုရှလင်မြို့တွင်သွားလာလှုပ်ရှားလျက် သခင်ဘုရား၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟောပြောလေသည်။- သူသည်ဂရိဘာသာစကားကိုသုံးစွဲသူ ယုဒအမျိုးသားများနှင့်အချေအတင် ဆွေးနွေး၏။ သို့ရာတွင်ထိုသူတို့သည်သူ့ ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။- ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။ ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
တမန်တော် 9:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလုသည် သခင်ဘုရား၏တပည့်တော်တို့ကို ခြိမ်းခြောက်၍သတ်ဖြတ်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ ချဉ်းကပ်လျက် ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။ ဤသို့ဖြင့် သူသည် သွား၍ ဒမတ်စကပ်မြို့အနီးသို့ ရောက်လာသောအခါ ကောင်းကင်မှအလင်းသည် သူ့ပတ်လည်၌ ရုတ်တရက်ထွန်းတောက်လေ၏။ သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။ ရှောလုကလည်း “သခင်ဘုရား၊ ကိုယ်တော်သည် မည်သူနည်း”ဟု မေးလျှောက်လျှင်“ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။ သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။ သူနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။ ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။ သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။ ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌“အာနနိ”ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။ သခင်ဘုရားကလည်း“သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍ အာနနိအမည်ရှိသောသူတစ်ဦးဝင်လာပြီး သူ၏မျက်စိပြန်မြင်စေရန် သူ့အပေါ်လက်တင်သည်ကို ရူပါရုံ၌မြင်ခဲ့ပြီ”ဟု မိန့်တော်မူ၏။ အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။ ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။ သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။ သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။ ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။ ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။ သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။ ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။ သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။ ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်ကြ၏။ သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။ ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။ သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။ ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။ ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။