ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှာ ကဲသရိမြို့သို့ ရောက်လာ၏။- အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတစ်ယောက်ရှိ၏။- ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊- ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူသည် အပြစ်တင်သော သူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မစွန့်မအပ်ရဟု ရောမထုံးစံရှိကြောင်းကို ပြောဆို၏။- ထိုသူတို့သည် ဤမြို့သို့ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်းမလင့်ဘဲ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။- သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်လည်းကောင်း၊ ယေရှုအမည်ရှိသော၊- သေပြီးသော သူတစ်ယောက်နှင့်လည်းကောင်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။- ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည် ယေရုရှလင်မြို့သို့သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊- ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှာ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော်သို့ မစေလွှတ်မီတိုင်အောင် ချုပ်ထားစေခြင်းငှာ ကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။- အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဖွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့ဟု ဆို၏။ နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလုကို ဆောင်ခဲ့စေ၏။- ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။- သူသည် သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍လည်းကောင်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆို၍လည်းကောင်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှာ ကျွန်ုပ်စီရင်၏။- သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဖို့၊ သေချာသောအကြောင်း တစ်စုံတစ်ခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်းရှိစေခြင်းငှာ သင်တို့ရှေ့၌လည်းကောင်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌လည်းကောင်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။- အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။
တမန်တော် 25 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 25
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 25:13-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ