ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။- ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။- အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုလျှောက်သွား၍ တစ်ပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။- ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။ ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တစ်ပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှာ ဆုံးမရမည်ဟုဆိုကြ၏။- ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှာ စည်းဝေးကြ၏။- များစွာသောဆွေးနွေးငြင်းခုံခြင်း ရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။- စိတ်နှလုံးကို သိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကိုစင်ကြယ်စေ၍ ငါတို့ကို ခြားနားစေတော်မမူ။- သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှာ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။- သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည်ယုံကြ၏ဟု ပေတရုပြောဆို၏။- ထိုအခါ ဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တစ်ပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။- ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကို နုတ်ယူခြင်းငှာ၊ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။- ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့် ညီ၏။- ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တစ်ပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကိုရှာစေခြင်းငှာ နောက်မှငါပြန်လာမည်။- လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊ - ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကိုသိတော်မူသည်။- ထိုကြောင့်၊ တစ်ပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသော သူတို့ကို မနှောင့်ယှက်ဘဲလျက်၊- ရုပ်တုတို့၏ ညစ်ညူးရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း ကြဉ်ရှောင်စေခြင်းငှာ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။- အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားဇရပ်၌ ဥပုသ်နေ့တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
တမန်တော် 15 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 15:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ