ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပမ်ဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ ပြန်လေ၏။- ပေရဂေမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။- ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။ ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။- ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။- အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။- ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်း ဝေငှတော်မူ၏။- ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။- နောက်တစ်ဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။- နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။- ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။- ထိုသခင်ကြွလာတော်မမူမီ ယောဟန်သည် ဣသရေလလူအပေါင်းတို့အား နောင်တနှင့် စပ်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။- ယောဟန်သည် မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတစ်ပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။- အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။- ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းအစဉ်ဖတ်ရွတ်သော ပရောဖက်တို့၏ စကားကိုလည်းကောင်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။- ကိုယ်တော်၌သေထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။- ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။- ဘုရားသခင်သည်လည်း သေခြင်းမှ ထမြောက်စေတော်မူသည်ဖြစ်၍၊- ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။- ထိုသူတို့သည် လူများတို့အား သက်သေခံ ဖြစ်ကြ၏။- ဆာလံကျမ်းဒုတိယခန်း၌ လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။- ယနေ့ပင် သင့်ကိုငါဖြစ်ဖွားစေပြီဟု လာသည်နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ကတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အားပြည့်စုံစေတော်မူသည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တစ်ဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာသတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- ထိုကြောင့် ဆာလံကျမ်းတစ်ခန်း၌ လာသည်ကား၊ ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟု လာ၏။- ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ ရောက်လေ၏။- ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။ ထိုကြောင့် ညီအစ်တို့၊ ထိုသခင်၏ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကိုလည်းကောင်း၊- ထိုသခင်ကို ယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကိုလည်းကောင်း သိမှတ် ကြလော့။- အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။- အကြောင်းမူကား၊ သင်တို့အား သူတစ်ပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည်ဟု ကျမ်းစာ၌ ပါသောအရာကို သင်တို့အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။ လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။- အစည်းအဝေးပြီး၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။- နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။- ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။- ထိုအခါ ပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။- မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့လင်းစရာဖို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။- ထိုစကားကို တစ်ပါးအမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊- ထာဝရဘုရား၏သာသနာတော်သည် တစ်ပြည်လုံး၌ နှံ့ပြားလေ၏။- ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌ အကြီးအကဲဖြစ်သောသူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။- တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အား ခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။- တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။
တမန်တော် 13 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 13:13-52
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ