၄ ဓမ္မရာဇဝင် 20
20
ဟေဇကိမင်းဖျားနာခြင်းနှင့် ပြန်လည် ကျန်းမာခြင်း
(ဟေရှာ၊ ၃၈:၁-၈၊ ၂၁-၂၂။ ၆ရာ၊ ၃၂:၂၄-၂၆)
1ထိုကာလအခါ ဟေဇကိမင်းသည်သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ 2ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ 3အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ 4ဟေရှာယသည် နန်းတော်အလယ်တံတိုင်းသို့ မရောက်မီ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊ 5သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့တက်ရလိမ့်မည်။ 6သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။ 7ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကိုယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ မင်းကြီးသက်သာလေ၏။
8ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကိုပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေးလျှင်၊ 9ဟေရှာယက၊ ထာဝရဘုရားအမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ်သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည်လောဟု မေးသော်၊ 10ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလို မရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။ 11ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသောအရိပ်ကို ဆယ်ချက်ပြန်စေတော်မူ၏။
ဗာဗုလုန်ပြည်မှစေတမန်များ
(ဟေရှာ၊ ၃၉:၁-၈)
12ထိုကာလအခါ ဗာလဒန်သားဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။ 13ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
14ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ 15နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ 16ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်လော့။ 17နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။#၄ရာ၊ ၂၄:၁၃။ ၆ရာ၊ ၃၆:၁၀။ 18သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။#၄ ရာ၊ ၂၄:၁၄-၁၅၊ ဒံ၊ ၁:၁-၇။ 19ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍လည်းကောင်း၊ အကယ်၍ ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍လည်းကောင်း၊ ဟေရှာယအား ဆိုလေ၏။
ဟေဇကိမင်းနန်းသက်ကုန်ဆုံးခြင်း
(၆ ရာ၊ ၃၂:၃၂-၃၃)
20ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 21ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
လက်ရှိရွေးချယ်ထားမှု
၄ ဓမ္မရာဇဝင် 20: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.