ထာဝရဘုရားသည် ဧလိယကို လေပွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။ ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူသည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ဗေသလမြို့သို့သွားကြ၏။ ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၍၊ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာနေကြပါဟု ပြောဆို၏။ ဧလိယကလည်း၊ အို ဧလိရှဲ၊ ဤအရပ်၌နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့သွားကြ၏။ ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့ နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။ ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။ ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှာ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။ ဧလိယသည် မိမိဝတ်လုံကိုယူ၍လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တစ်ဖက်တစ်ချက်ကွဲ၍၊ ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာ လျှောက်သွားကြ၏။ မြစ်တစ်ဖက်သို့ ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊ ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။ ထိုသို့ နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထားနှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။ ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တစ်ဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။ အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာရပ်၍၊ ရေကို ဝတ်လုံနှင့်ရိုက်လျက်၊ ဧလိယကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟူ၍ တစ်ဖန် ရိုက်သောအခါ၊ ရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည်ကူးသွား၏။
၄ ဓမ္မရာဇဝင် 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ဓမ္မရာဇဝင် 2:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ