ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှာ ငါအလိုရှိ၏။ ခဏ သည်းခံကြပါလော့။- အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှာ၊ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။- မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။- သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။ ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။- စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။- သင်တို့ကို ချီးမြှောက်ခြင်းငှာ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကို မခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည် အပြစ်ရှိသလော။- သင်တို့အမှုကို ဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ ရောက်လေပြီတကား။- သင်တို့နှင့်အတူရှိနေ၍ တစ်စုံတစ်ခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ယှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။- ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။- အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှာလည်းကောင်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှာလည်းကောင်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။- အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။- ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။- သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြလတ္တံ့။ တစ်ဖန် ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှာ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။- ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။ လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။- သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။- သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။- ငါတို့သည်အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။- သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။- သူတို့သည် ခရစ်တော်၏ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။- ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။- သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ် ခဲနှင့် ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။- အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။- ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။ ထိုအမှုမှတစ်ပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံခဲ့ရ၏။- ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။- ငါသည် မုသားမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။ ဒမာသက်မြို့၌ အရေတမင်းကြီးခန့်ထားသော မြို့ဝန်သည် ငါ့ကို ဖမ်းဆီးခြင်းငှာအလိုရှိ၍၊ ဒမာသက်မြို့ကိုစောင့်စဉ်တွင်၊- တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။
၂ ကောရိန္သု 11 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 11:1-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို