YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 6

6
ဗိ​မာန်​တော်​အ​နု​မော​ဒ​နာ​ပြု​ခြင်း
(၃​ရာ၊ ၈:၁၂-၂၁)
1ရှော​လ​မုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ ထူ​ထပ်​သော မှောင်​မိုက်​ထဲ​မှာ နေ​တော်​မူ​သည်​ဟု စ​ကား​တော်​ရှိ၏။ 2သို့​ရာ​တွင် ကိုယ်​တော်​ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်၊ အ​စဉ်​အ​မြဲ​နေ​တော်​မူ​ရာ​ဌာ​န​တော်​ကို အ​ကျွန်ုပ်​တည်​ဆောက်​ပါ​ပြီ​ဟု မြွက်​ဆို၏။ 3တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။ 4-6ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​နေ့​က​စ၍ ငါ့​နာ​မ​တည်​ရာ​အိမ်​ကို ဆောက်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် မြို့​တစ်​စုံ​တစ်​မြို့​ကို ငါ​မ​ရွေး။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ရ​သော​သူ​ကို​လည်း ငါ​မ​ရွေး​သေး။ ယ​ခု​မူ​ကား၊ ငါ့​နာ​မ​တည်​ရာ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​လည်း​ကောင်း၊ ငါ​ရွေး​ပြီ​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား ဗျာ​ဒိတ်​တော်​ရှိ​သည်​အ​တိုင်း၊ ပြု​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 7ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​သည် အ​ကြံ​ရှိ​သော​အ​ခါ၊ 8ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့်၊ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။ 9သို့​သော်​လည်း သင်​သည် အိမ်​တော်​ကို မ​ဆောက်​ရ။ သင်၏​သား​ရင်း​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို ဆောက်​ရ​မည်​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မိန့်​တော်​မူ၏။#၂​ရာ၊ ၇:၁-၁၃။ ၅​ရာ၊ ၁၇:၁-၁၂။ 10ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​သ​ဖြင့်၊ ငါ​သည် ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏ အ​ရိုက်​အ​ရာ​ကို ခံ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​လေ​ပြီ။ 11ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ကို ထို​အိမ်​တော်၌ တင်​ထား​လေ​ပြီ​ဟု မြွက်​ဆို၏။
ရှော​လ​မုန်​၏​ဆု​တောင်း​ပ​တ္ထ​နာ
(၃​ရာ၊ ၈:၂၂-၅၃)
12ထို​အ​ခါ ရှော​လ​မုန်​သည် အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်၊ 13အ​မြင့်​သုံး​တောင်​ရှိ​သော ပ​လ္လင်​ကို​လုပ်၍၊ တံ​တိုင်း​အ​လယ်၌​ထား​နှင့်​သော ထို​ပ​လ္လင်​ပေါ်​သို့​တက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​လယ်​မှာ ဒူး​ထောက်၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊ 14အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ပေါ်​မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​နှင့်​တူ​သော​ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ရှေ့​တော်၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​သော ကိုယ်​တော်၏​ကျွန်​တို့​အ​ဖို့ ပ​ဋိ​ညာဉ်​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။ 15အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို​မ​ဖျက်၊ မိန့်​တော်​မူ​သည်​အ​တိုင်း ယ​နေ့​ပြု​တော်​မူ​ပြီ။ 16အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။#၃​ရာ၊ ၂:၄။ 17အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။ 18သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​တို့​တွင် ဧ​ကန်​အ​မှန် ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်၊ အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ ရှိ​ပါ​သ​နည်း။#၆​ရာ၊ ၂:၆။ 19သို့​သော်​လည်း အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။ 20ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။#တ​ရား၊ ၁၂:၁၁။ 21ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။
22လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊ 23ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။
24ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ရန်​သူ​ရှေ့​မှာ ရှုံး​ရ​သော​အ​ခါ၊ ကိုယ်​တော်​ထံ​သို့ ပြန်​လာ၍ နာ​မ​တော်​ကို​ဝန်​ခံ​လျက်၊ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက်၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျှင်၊ 25ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော ပြည်​သို့ တစ်​ဖန် ပို့​ဆောင်​တော်​မူ​ပါ။
26ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့်၊ ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပယ်​လျှင်၊ 27ကောင်း​ကင်​ဘုံ၌​နား​ထောင်၍ ကိုယ်​တော်၏​ကျွန်၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော လမ်း​ကောင်း​ကို ပြ​ညွှန်၍၊ ကိုယ်​တော်၏ လူ​တို့​အား​အ​မွေ​ပေး​သော မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မူ​ပါ။
28ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို​ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ် အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု​ရောက်​သော​ခါ၊ 29ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် အ​သီး​အ​သီး​ခံ​ရ​သော ဘေး​ဒဏ်​ကို​သိ​လျက်၊ ဤ​အိမ်​တော်​သို့ မိ​မိ​တို့​လက်​ဝါး​ကို​ဖြန့်၍ တစ်​စုံ​တစ်​ခု​သော ပ​တ္ထ​နာ​စ​ကား​အား​ဖြင့် ဆု​တောင်း​လျှင်၊ 30ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌၊ နား​ထောင်​တော်​မူ​ပါ။ 31ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့၍၊ တ​ရား​တော်​လမ်း​သို့ လိုက်​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော​သူ​တို့၏​စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက် သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။
32ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြီး​မြတ်​သော​နာ​မ​တော်​နှင့် တန်​ခိုး​ကြီး၍ ဆန့်​တော်​မူ​သော လက်​ရုံး​တော်​ကို ထောက်​သ​ဖြင့်၊ ဝေး​သော​ပြည်​မှ​ရောက်​လာ၍ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​လျှင်၊ 33ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​သ​ကဲ့​သို့၊ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက် နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။
34ကိုယ်​တော်​စေ​ခိုင်း​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​လူ​တို့​သည် ရန်​သူ​တို့​ရှိ​ရာ​သို့ စစ်​ချီ​သော​အ​ခါ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက် ကိုယ်​တော်​အား ဆု​တောင်း​ကြ​လျှင်၊ 35သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​ပါ။ 36မ​ပြစ်​မှား​တတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သည် ဖြစ်၍၊ ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ထွက်၍ ရန်​သူ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​သည် ဝေး​သော​ပြည်၊ နီး​သော​ပြည်၊ အ​ခြား​တစ်​ပါး​သော ပြည်​သို့ သိမ်း​သွား​လျှင်​လည်း​ကောင်း၊ 37ထို​ပြည်၌ အ​ချုပ်​ခံ​စဉ်၊ သူ​တို့​သည်​သ​တိ​ရ၍ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ မ​ဖြောင့်​သော​အ​မှု၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု စိတ်​ပြောင်း​လဲ၍ တောင်း​ပန်​သ​ဖြင့်၊ 38သိမ်း​သွား​သော ရန်​သူ​တို့၏ ပြည်၌​နေ​စဉ်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ထံ​တော်​သို့​ပြန်​လာ၍၊ ဘိုး​ဘေး​တို့​အား ပေး​တော်​မူ​သော​ပြည်၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက် ဆု​တောင်း​လျှင်​လည်း​ကောင်း၊ 39သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​စ​ကား​ကို ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ပြစ်​မှား​သော ကိုယ်​တော်​လူ​တို့၏​အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ 40အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ကြည့်​ရှု​တော်​မူ​ပါ။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ 41အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်၍၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​သည် ကျေး​ဇူး​တော်၌ ဝမ်း​မြောက်​ကြ​ပါ​စေ​သော၊#ဆာ၊ ၁၃၂:၈-၁၀။ 42အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ဘိ​သိက်​ပေး​တော်​မူ​သော သူ၏​မျက်​နှာ​ကို လွှဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ် ခံ​ရ​သော​ကျေး​ဇူး​တော်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ပ​တ္ထ​နာ​ပြု​လေ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ