YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 28:1-15

၂ ရာဇဝင်ချုပ် 28:1-15 JBMLE

အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​မ​ပြု။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့​လိုက်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ရုပ်​တု​ဆင်း​တု​များ​ကို သွန်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။ ထို​ကြောင့်၊ သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ့​ကို ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လုပ်​ကြံ​လျက်၊ များ​စွာ​သော​လူ​တို့​ကို​ဖမ်း​ဆီး၍၊ ဒ​မာ​သက်​မြို့​သို့ သိမ်း​သွား​ကြ၏။ တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။ ခွန်​အား​ကြီး​သော ဧ​ဖ​ရိမ်​သား ဇိ​ခ​ရိ​သည်၊ ရှင်​ဘု​ရင်​သား မာ​သေ​ယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ရှင်​ဘု​ရင်​နောက် ဒု​တိ​ယ​မင်း ဧ​လ​ကာ​န​ကို​သတ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း၊ မိ​မိ​တို့​နှင့် ပေါက်​ဖော်​တော်​သော ယောက်ျား၊ မိန်း​မ၊ သား၊ သ​မီး​ပေါင်း​နှစ်​သိန်း​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ၏။ များ​စွာ​သော​ဥ​စ္စာ​ကို​လည်း လု​ယူ၍ ရှာ​မာ​ရိ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဩ​ဒက်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​တစ်​ပါး​ရှိ၍၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​လာ​သော​တပ်​ကို ဆီး​ကြို​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို​အ​မျက်​တော်​ထွက်​သော​ကြောင့်၊ သင်​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် မိုး​ကောင်း​ကင်​သို့​ထိ​သော ဒေါ​သ​အ​ဟုန်​နှင့် သူ​တို့​ကို သတ်​ကြ​ပြီ​တ​ကား။ ယ​ခု​တွင်​လည်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား ယောက်ျား၊ မိန်း​မ​တို့​ကို အ​စေ​ခံ​ကျွန်​လုပ်၍၊ နှိပ်​စက်​မည့်​အ​ကြံ ရှိ​ကြ​သည်​တ​ကား။ သို့​ပြု​လျှင် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​သို့​ရောက်​သည် မ​ဟုတ်​လော။ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ယ​ခု​ဖမ်း​ဆီး၍ သိမ်း​ယူ​ခဲ့​သော သင်​တို့၏​ညီ​အစ်​ကို​များ​ကို လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​လိမ့်​မည်​ဟု သ​တိ​ပေး၏။ ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊ သင်​တို့​သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို ဤ​မြို့​ထဲ​သို့ မ​သွင်း​ရ။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပြီ။ အ​ပြစ်​ရင်း​အ​ပေါ်​မှာ​ထပ်၍ ပြစ်​မှား​စေ​ဦး​မည်​ဟု သင်​တို့ ကြံ​စည်​ကြ​သည်​တ​ကား။ ယ​ခု​တွင် ငါ​တို့​အ​ပြစ်​ကြီး​လှ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​သည်​ဟု ဆို​သော​ကြောင့်၊ စစ်​သူ​ရဲ​တို့​သည် သိမ်း​ယူ​ခဲ့​သော​လူ​များ​နှင့် လု​ယူ​ခဲ့​သော​ဥ​စ္စာ​များ​ကို မင်း​တို့​ရှေ့၊ ပ​ရိ​သတ်​တို့​ရှေ့​မှာ ထား​ကြ၏။ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။