သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။ သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊ ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏။ ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။ ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊ သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။ ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။ လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကိုတွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။ သင်္ဘောသဖန်းသီးပျဉ် တစ်ဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။ ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။ ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။ လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲကသိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။ ဒါဝိဒ်သည်လည်း ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။ အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည်ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နုတ်လေ၏။ လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။ ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာဖြစ်သည်ဟု ဆို၏။
၁ ဓမ္မရာဇဝင် 30 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 30:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ