၁ ဓမ္မရာဇဝင် 24
24
ရှောလု၏အသက်ကိုချမ်းသာပေးခြင်း
1ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊ 2ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကိုခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့်သူ၏လူတို့ကို ရှာအံ့သောငှာ သွားလေ၏။ 3လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကိုတွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဘေး တစ်ဖက်တစ်ချက်၌ နေကြ၏။#ဆာ၊ ၅၇ ခေါင်းစဉ်။ ဆာ၊ ၁၄၂ ခေါင်းစဉ်။ 4ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်း ပြုရသောအခွင့် ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသောနေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည်ထ၍ ရှောလုဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။ 5ထိုသို့ ရှောလု၏အင်္ကျီကို လှီးဖြတ်မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တစ်ဖန် နောင်တရ၍၊ 6ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊#၁ရာ၊ ၂၆:၁၁။ 7ရှောလုကိုထိခိုက်စေခြင်းငှာ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။ 8ထိုနောက် ဒါဝိဒ်သည်ထ၍ ဥမင်ထဲကထွက်လျက်၊ ကျွန်တော်၏သခင်အရှင်မင်းကြီးဟု ရှောလုနောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပျပ်ဝပ်လျက်၊ 9ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှာ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။ 10ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည် လက်ကိုမဆန့်ဟု အကြံရှိပါ၏။ 11ထိုမှတစ်ပါး ကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ် မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှာ လိုက်၍ ရှာတော်မူပါသည်တကား။ 12ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရားဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ 13ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ 14ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကိုလိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။#၁ရာ၊ ၂၆:၂၀။ 15သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကိုစောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။ 16ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင်လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကိုလွှင့်၍ ငိုကြွေးလေ၏။ 17တစ်ဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။ 18ငါ၌ အဘယ်သို့ ကျေးဇူးပြုသည်ကို သင်သည်ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။ 19လူသည် ရန်သူကိုတွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသောကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။ 20ယခုမှာသင်သည် စင်စစ် ရှင်ဘုရင်ဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဣသရေလနိုင်ငံသည် သင့်လက်၌တည်လိမ့်မည် ဟူ၍လည်းကောင်း၊ ငါအမှန်သိ၏။ 21သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကိုတိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊ 22ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။
လက်ရှိရွေးချယ်ထားမှု
၁ ဓမ္မရာဇဝင် 24: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.