YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 15

15
ယု​ဒ​ဘု​ရင်​အ​ဘိ​ယ
(၆​ရာ၊ ၁၃:၁-၁၄:၁)
1-2နေ​ဗတ်၏​သား ယေ​ရော​ဗောင်​မင်း​ကြီး နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ အ​ဘိ​ယ​သည် ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ ယု​ဒ​ပြည်​ကို​သုံး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ အ​ဘ​ရှ​လုံ၏​သ​မီး မာ​ခါ​အ​မည်​ရှိ၏။ 3ခ​မည်း​တော်​ပြု​သော ဒု​စ​ရိုက်​ကို​ပြု​မြဲ​ပြု၍၊ ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​စုံ​လင်​သည်​မ​ဟုတ်။ 4သို့​သော်​လည်း ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သူ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဆွေ​တော်​မျိုး​တော်​ကို ချီး​မြှောက်၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တည်​စေ​သ​ဖြင့်၊ ထို​မြို့၌ ဒါ​ဝိဒ်၏​မီး​ခွက်​ကို ထွန်း​လင်း​စေ​တော်​မူ၏။#၃​ရာ၊ ၁၁:၃၆။ 5အ​ကြောင်း​မူ​ကား၊ ဒါ​ဝိဒ်​သည် ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ​အ​မှု​ကို​ထား​လျှင်၊ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ရှောင်၊ ရှေ့​တော်၌ တ​ရား​သ​ဖြင့် ကျင့်​သော​အ​ကြောင်း​တည်း။#၂​ရာ၊ ၁၁:၁-၂၇။ 6ရော​ဗောင်​သား​အ​ဘိ​ယ​နှင့် ယေ​ရော​ဗောင်​တို့​သည် အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။#၆​ရာ၊ ၁၃:၃-၂၁။
7အ​ဘိ​ယ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 8အ​ဘိ​ယ​သည်​ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​အာ​သ
(၆​ရာ၊ ၁၅:၁၆-၁၆:၆)
9ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင် နန်း​စံ​နှစ်​ဆယ်​တွင်၊ အာ​သ​သည် ယေ​ရု​ရှ​လင်​မြို့၌ လေး​ဆယ်​တစ်​နှစ်​မင်း​ပြု၍ ယု​ဒ​ပြည်​ကို​စိုး​စံ​လေ၏။ 10အ​ဖွား​တော်​ကား၊ အ​ဘ​ရှ​လုံ၏​သ​မီး မာ​ခါ​ဖြစ်၏။ 11အာ​သ​သည် အ​ဘီ​တော်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သ​ဖြင့်​ပြု၏။ 12ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို​လည်း​ကောင်း၊ ဘိုး​တော်​ဘေး​တော်​လုပ်​သော ရုပ်​တု​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပြည်​တော်​ထဲ​က ပယ်​ရှား​တော်​မူ၏။#၆​ရာ၊ ၁၅:၈-၁၅။ 13အ​ဖွား​တော်​မာ​ခါ​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။ 14မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော် ကာ​လ​ပတ်​လုံး၊ အာ​သ​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​ရှိ၏။ 15ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း​တော်​မူ၏။
16အာ​သ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။ 17ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ ရာ​မ​မြို့​ကို​တည်၏။ 18ထို​အ​ခါ ကျန်​ကြွင်း​သော ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို အာ​သ​သည်​ယူ၍ မိ​မိ​ကျွန်​တို့၌​အပ်​သ​ဖြင့်၊ ဒ​မာ​သက်​မြို့​မှာ​နေ​သော ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇုန်​သား တာ​ဗ​ရိ​မုန်၏​သား ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊ 19ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​လက်​ဆောင်​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍​လာ​ပါ​ဟု မှာ​လိုက်​လေ၏။ 20အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​မှ​စ၍ ဂင်္နေ​သ​ရက်​ပြည်​လုံး၊ နဿ​လိ​ပြည်​လုံး​ကို လုပ်​ကြံ​ကြ၏။ 21ထို​သ​တင်း​ကို ဗာ​ရှာ​သည် ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ တိ​ရ​ဇ​မြို့၌ နေ​ရ၏။ 22ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မိန့်​တော်​ကို ကြော်​ငြာ​စေ​သ​ဖြင့်၊ ပြည်​သား​တစ်​ယောက်​မျှ​မ​လွတ်၊ ရှိ​သ​မျှ​တို့​သည် ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား​ကြ၍၊ အာ​သ​မင်း​ကြီး​သည် ဗင်္ယာ​မိန်​ခ​ရိုင်၌​ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို​တည်၏။ 23အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​နှင့် တန်​ခိုး​ကြီး​ခြင်း၊ မြို့​များ​ကို​တည်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သို့​ရာ​တွင် အ​သက်​ကြီး​သော​အ​ခါ ခြေ​တော်၌​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊ 24ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ အ​ဘီ​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယော​ရှ​ဖတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ဣ​သ​ရေ​လ​ဘု​ရင်​နာ​ဒဒ်
25ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​နှစ်​နှစ်​တွင်၊ ယေ​ရော​ဗောင်​သား နာ​ဒဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ၌ မင်း​ပြု၍ နှစ်​နှစ်​စိုး​စံ၏။ 26ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ခ​မည်း​တော်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​လမ်း​သို့ လိုက်​လေ၏။ 27ဣ​သ​ခါ​အ​မျိုး၊ အ​ဟိ​ယ​သား​ဗာ​ရှာ​သည် သင်း​ဖွဲ့၍၊ နာ​ဒဒ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဖိ​လိ​တ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို ဝိုင်း​ထား​ကြ​စဉ်၊ 28ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ရှာ​သည် နာ​ဒဒ်​မင်း​ကို​လုပ်​ကြံ၍ နန်း​ထိုင်​လေ၏။ 29နန်း​ထိုင်​သော​အ​ခါ ယေ​ရော​ဗောင်​အ​မျိုး​ရှိ​သ​မျှ​ကို​လည်း လုပ်​ကြံ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျွန်၊ ရှိ​လော​မြို့​သား အ​ဟိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယေ​ရော​ဗောင်​အ​မျိုး​ကို မ​ဖျက်​မီ​တိုင်​အောင်၊ အ​သက်​ရှူ​သော​သူ တစ်​ယောက်​ကို​မျှ မ​ချန်​မ​ထား။#၃​ရာ၊ ၁၄:၁၀။ 30အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​သည် ကိုယ်​တိုင်​ပြစ်​မှား​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော​အ​ပြစ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​အ​ကြောင်း​တည်း။ 31နာ​ဒဒ်​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။ 32အာ​သ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး​ရန်​ဘက်​ပြု​ကြ၏။
ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ
33ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင်၊ အ​ဟိ​ယ​သား​ဗာ​ရှာ​သည် တိ​ရ​ဇ​မြို့​မှာ​မင်း​ပြု၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​ဆယ်​လေး​နှစ် စိုး​စံ၏။ 34ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ယေ​ရော​ဗောင်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​လမ်း​သို့ လိုက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ