YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 21

21
လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ခြင်း
(၂​ရာ၊ ၂၄:၁-၂၅)
1နောက်​တစ်​ဖန် စာ​တန်​သည် ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို တိုက်​တွန်း​လေ၏။ 2ဒါ​ဝိဒ်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​သည် ဒန်​မြို့​တိုင်​အောင် သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​ပြီး​လျှင်၊ စာ​ရင်း​ကို ငါ့​ထံ​သို့​သွင်း​လော့​ဟု ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​နှင့် အ​ရာ​ရှိ​တို့​အား​မိန့်​တော်​မူ၏။ 3ယွာ​ဘ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ထပ်၍ အ​ဆ​တစ်​ရာ တိုး​ပွား​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် အ​ရှင်​မင်း​ကြီး၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် သ​ခင်၏​ကျွန်​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ကျွန်​တော်​သ​ခင်​သည် ဤ​အ​မှု​ကို​အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို အ​ဘယ်​ကြောင့် ပြု​တော်​မူ​သ​နည်း​ဟု လျှောက်​လေ၏။ 4သို့​သော်​လည်း အ​မိန့်​တော်​သည် ယွာ​ဘ​စ​ကား​ကို နိုင်​သ​ဖြင့်၊ ယွာ​ဘ​သည်​ထွက်၍ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လာ၏။ 5လူ​ပေါင်း​စာ​ရင်း​ကို ဒါ​ဝိဒ်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ တစ်​သန်း​နှင့် တစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ လေး​သိန်း​နှင့် ခု​နစ်​သောင်း​ရှိ၏။ 6သို့​ရာ​တွင် ယွာ​ဘ​သည် အ​မိန့်​တော်​ကို​ရွံ့​သော​ကြောင့်၊ လေ​ဝိ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ခြား​သော​အ​မျိုး​ထဲ​သို့ သွင်း၍ မ​ရေ​တွက်။
7ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို ဘု​ရား​သ​ခင်​သည် အ​လို​တော်​မ​ရှိ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်၍၊ 8ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကျွန်၏ အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ပ​ရော​ဖက်​ဂဒ်​ကို​ခေါ်၍၊ 10ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ အ​ရာ​သုံး​ပါး​ကို သင့်​အား​ငါ​ပြ၏။ သင်၌ ငါ​ပြု​စ​ရာ​ဖို့ တစ်​ပါး​ပါး​ကို​ရွေး​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 11ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ 12သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော​ဘေး၊ သုံး​လ​ပတ်​လုံး သင့်​ကို​ရန်​သူ​လိုက်​မီ၍ ဓား​ဖြင့်​လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး ပြည်​တော်၌ ကာ​လ​နာ​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​ကို၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ကိုင်၍ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​ကို ဖျက်​ဆီး​သော​ဘေး​တို့​တွင် တစ်​ပါး​ပါး​ကို​ရွေး​လော့​ဟု မိန့်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သော​သူ​အား အ​ဘယ်​သို့​ပြန်​လျှောက်​ရ​မည်​ကို ဆင်​ခြင်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ 13ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သို့​ရောက်​ပါ​စေ။ က​ရု​ဏာ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။
14ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို​လွှတ်​လိုက်​တော်​မူ၍ လူ​ခု​နစ်​သောင်း သေ​ကြ၏။ 15ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန် ဖျက်​ဆီး​မည်​ဟု အား​ထုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကြည့်​ရှု​လျက်၊ ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏ ကောက်​နယ်​တ​လင်း​အ​နား​မှာ​ရပ်​နေ၏။ 16ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။ 17ဒါ​ဝိဒ်​က​လည်း၊ ပြည်​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ စီ​ရင်​သော​သူ​ကား အ​ကျွန်ုပ်​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​လွန်​ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့ ပြု​မိ​ပါ​သ​နည်း။ အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​ကို ဒဏ်​ခတ်​ခြင်း​ငှာ လက်​တော်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပါ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။
18ထို​အ​ခါ ဒါ​ဝိဒ်​သည် သွား၍၊ ယေ​ဗု​သိ​လူ အ​ရော​န၏ ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​စေ​ခြင်း​ငှာ ပြော​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဂဒ်​ကို​မှာ​ထား​သ​ဖြင့်၊ 19ဂဒ်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။ 20အ​ရော​န​သည် စ​ပါး​ကို​နယ်​စဉ်​တွင်၊ လှည့်​ကြည့်၍ ရှင်​ဘု​ရင်​ကို မြင်​သော​အ​ခါ၊ သား​လေး​ယောက်​နှင့် တ​ကွ ပုန်း​ရှောင်၍​နေ၏။ 21ဒါ​ဝိဒ်​သည် အ​ရော​န​ရှိ​ရာ​သို့ ရောက်​သော​အ​ခါ၊ အ​ရော​န​ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​လျှင်၊ ကောက်​နယ်​တ​လင်း​မှ​ဆင်း၍ ဒါ​ဝိဒ်​ရှေ့​မှာ ဦး​ချ​ပျပ်​ဝပ်​လေ၏။ 22ဒါ​ဝိဒ်​က​လည်း၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို ငါ​တည်​လို​သည်​ဖြစ်၍၊ ဤ​ကောက်​နယ်​တ​လင်း​အ​ရပ်​ကို အ​ဖိုး​ထိုက်​သည်​အ​တိုင်း ရောင်း​ပါ​ဟု အ​မိန့်​ရှိ​သော်၊ 23အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး ယူ​တော်​မူ​ပါ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ၊ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဂျုံ​စ​ပါး​များ​အ​လုံး​စုံ​ကို ကျွန်​တော်​ဆက်​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျှင်၊ 24ဒါ​ဝိဒ်​မင်း​ကြီး​က၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ထိုက်​သည်​အ​တိုင်း ပေး၍ ငါ​ဝယ်​မည်။ သင့်​ဥ​စ္စာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငါ​မ​သိမ်း။ ကိုယ်​ငွေ​မ​ကုန်​ဘဲ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊ 25ရွှေ​ခြောက်​ပိဿာ​ကို ချိန်​ပေး၍ ထို​အ​ရပ်​ကို​ဝယ်​ပြီး​မှ၊ 26ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​သို့ မီး​ကျ​သ​ဖြင့် ကောင်း​ကင်​ထဲ​က ထူး​တော်​မူ၏။ 27ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဓား​ကို ဓား​အိမ်၌​သွင်း​ထား​ပြန်၏။
28ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထူး​တော်​မူ​သည်​ကို ဒါ​ဝိဒ်​သိ​မြင်​လျှင်၊ ထို​အ​ရပ်၌ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ပြု​လေ၏။ 29တော၌ မော​ရှေ​လုပ်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​နှင့် မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​သည်၊ ထို​ကာ​လ၌ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ရှိ၏။ 30ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ဓား​ကို ကြောက်​သော​ကြောင့်၊ ထို​ယဇ်​ပ​လ္လင်​သို့​သွား၍ ဘု​ရား​သ​ခင်​ကို မ​မေး​မ​လျှောက်​ဝံ့။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ