YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 12

12
ယုဒလူမျိုး၏လုံခြုံမှု
1အစ္စရေး​လူမျိုး​နှင့်ပတ်သက်​သော ထာဝရဘုရား​၏​ဗျာဒိတ်​စကား​။ မိုးကောင်းကင်​ကို ဖြန့်ကြက်​၍ မြေကြီး​အုတ်မြစ်​ကို​တည်​ပြီးလျှင် လူ့​အထဲ​၌ အသက်ဝိညာဉ်​ကို ပုံဖော်ဖန်ဆင်း​ပေး​တော်မူ​သော​ထာဝရဘုရား​က
2“ကြည့်ရှု​လော့​။ ငါ​သည် ဂျေရုဆလင်​မြို့​ကို ပတ်ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့ သောက်​၍​ယစ်မူး​သော​ခွက် ဖြစ်စေ​မည်​။ ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​သည်​လည်း ဝိုင်းထား​ခြင်း​ခံရ​လိမ့်မည်​။ 3ထို​နေ့ရက်​တွင် ငါ​သည် ဂျေရုဆလင်​မြို့​ကို လူမျိုး​အပေါင်း​တို့​အဖို့ အလွန်​လေးလံ​သော​ကျောက် ဖြစ်​စေ​မည်​။ ထို​ကျောက်​ကို ချီမ​သော​သူ​တိုင်း ဒဏ်ရာ​အပြင်းအထန် ရ​လိမ့်မည်​။ မြေကြီး​ပေါ်ရှိ လူမျိုးတကာ​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​ရန် စုဝေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 4ထာဝရဘုရား​က “ထို​နေ့ရက်​တွင် ငါ​သည် စစ်မြင်း​ရှိသမျှ​ကို ယောက်ယက်ခတ်​စေ​၍ မြင်းစီးသူရဲ​တို့​ကို ရူးသွပ်​သွား​အောင် ဒဏ်ခတ်​မည်​။ ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​စောင့်ရှောက်​မည်​။ လူမျိုးတကာ​တို့​၏​စစ်မြင်း​ရှိသမျှ​ကို မျက်စိကွယ်​သွား​အောင် ဒဏ်ခတ်​မည်​။ 5ထိုအခါ ယုဒ​သူကြီး​တို့​က ‘ဂျေရုဆလင်​မြို့သား​တို့​သည် ငါ​တို့​အား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ခွန်အား ဖြစ်​၏’​ဟု စိတ်ထင်​ကြ​လိမ့်မည်​။ 6ထို​နေ့ရက်​တွင် ငါ​သည် ယုဒ​သူကြီး​တို့​ကို ထင်း​မီးဖို​၊ ကောက်လှိုင်း​မီးတုတ် ဖြစ်စေ​သဖြင့် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက် ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။ ဂျေရုဆလင်​မြို့​မူကား ယခင်​နေရာ​ဖြစ်​သည့် ဂျေရုဆလင်​မြို့​၌ တည်ရှိ​လိမ့်မည်​။ 7ဒါဝိဒ်​အမျိုးအနွယ်​၊ ဂျေရုဆလင်​မြို့သား​တို့​၏​ဂုဏ်ကျက်သရေ​သည် ယုဒ​အမျိုး​တို့​ထက် မ​ကြီးမြတ်​စေရန် ထာဝရဘုရား​သည် ယုဒ​အမျိုး​၏​တဲ​များ​ကို ဦးစွာ​ကယ်တင်​တော်မူ​မည်​။ 8ထို​နေ့ရက်​တွင် ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့သား​တို့​ကို ကာကွယ်​မည်​။ ထို​နေ့ရက်​၌ သူ​တို့​တွင် အားနည်း​သော​သူ​သည် ဒါဝိဒ်​မင်းကြီး​ကဲ့သို့​ဖြစ်​မည်​။ ဒါဝိဒ်​အမျိုးအနွယ်​သည် သူ​တို့​အဖို့ ဘုရားသခင်​ကဲ့သို့​လည်းကောင်း​၊ ထာဝရဘုရား​၏​ကောင်းကင်တမန်​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ 9ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​လာ​မည့် လူမျိုးတကာ​တို့​အား ငါ​ရှာဖွေ​ဖျက်ဆီး​ပစ်​မည်​။
ထိုးဖောက်ခံရသူအတွက် မြည်တမ်းခြင်း
10ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။ 11ထို​နေ့ရက်​တွင် မေဂိဒ္ဒေါ​လွင်ပြင်​၊ ဟာဒဒြိမ္မုန်​မြို့​၌ ငိုကြွေး​ကြ​သကဲ့သို့ ဂျေရုဆလင်​မြို့​၌ ပြင်းထန်​စွာ​ငိုကြွေး​ကြ​လိမ့်မည်​။ 12တစ်ပြည်လုံး​တွင် မျိုးနွယ်စု​အလိုက် ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဒါဝိဒ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​ကြင်ရာ​တော်​များ​တစ်စု​၊ နာသန်​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု​၊ 13လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု​၊ ရှိမိ​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု အပါအဝင် 14ကျန်​မျိုးနွယ်စု​အားလုံး​တို့​သည်​လည်း မျိုးနွယ်စု​အလိုက်​တစ်စုစီ​နှင့် သူ​တို့​၏​မယား​များ​လည်း တစ်စုစီ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။