YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတုဩဝါဒစာ 3

3
ကောင်းသောအမှုတို့ကိုပြုခြင်း
1အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊ 2မည်သူ့​ကို​မျှ စော်ကား​ပြောဆို​ခြင်း၊ ရန်တွေ့​ခြင်း​မ​ပြု​ဘဲ ညင်သာ​သော​သဘော​ရှိ​လျက် လူ​အပေါင်း​တို့​အပေါ် နူးညံ့​သိမ်မွေ့​ခြင်း​ကို​ပြသ​ရန်​လည်းကောင်း သူ​တို့​အား သတိပေး​နှိုးဆော်​လော့။
3အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။ 4သို့သော် ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​ကျေးဇူးပြု​ခြင်း​နှင့်​ချစ်ခင်​ကြင်နာ​ခြင်း​တို့ ပေါ်ထွန်း​တော်မူ​သောအခါ 5ကိုယ်တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်မတ်​သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​ကရုဏာ​တော်​နှင့်အညီ အသစ်​မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​အသစ်​ပြုပြင်​ခြင်း​တို့​အားဖြင့် ငါ​တို့​ကို ကယ်တင်​တော်မူ​၏။ 6ဘုရားသခင်​သည် ထို​ဝိညာဉ်​တော်​ကို ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အပေါ် ကြွယ်ဝ​စွာ​သွန်းလောင်း​တော်မူ​၏။ 7ဤသည်ကား ငါ​တို့​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် အမွေခံ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။ 8ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ဘုရားသခင်​ကို​ယုံကြည်​သော​သူ​တို့​သည် ကောင်း​သော​အမှု​တို့​ကို​ပါဝင်​လုပ်ဆောင်​ရန် အမြဲ​ဂရုစိုက်​ကြ​မည့်​အကြောင်း ငါ​သည် သင့်​အား ဤ​အရာ​များ​အတွက် အခိုင်အမာ​ရပ်တည်​စေ​လို​၏။ ဤ​အရာ​များ​သည် ကောင်းမြတ်​၍ လူ​တို့​အတွက်​အကျိုး​ရှိ​၏။
9သို့သော် မိုက်မဲ​သော​အငြင်းပွား​မှု​များ၊ ဆွေစဉ်မျိုးဆက်​စာရင်း​များ၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့် ပညတ်​တရား​ကြောင့် ခိုက်ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျိုးမဲ့​၍ အချည်းနှီး​ဖြစ်​ကြ​၏။ 10ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သတိပေး​ပြီးလျှင် ပယ်ရှား​လော့။ 11ထိုသို့​သော​သူ​သည် ဖောက်ပြန်​လွဲမှား​သော​သူ​ဖြစ်​ပြီး မိမိ​မှားယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အပြစ်​ပြု​နေ​သူ​ဖြစ်ကြောင်း သိမှတ်​လော့။
နောက်ဆုံးညွှန်ကြားချက်နှင့် နှုတ်ဆက်စကား
12ငါ​သည် အာတေမ​၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့​စေလွှတ်​သောအခါ ငါ​ရှိ​ရာ​နိကောပလိ​မြို့​သို့​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဆောင်း​ကာလ​အတွင်း ထို​မြို့​၌​နေထိုင်​ရန် ငါ​ဆုံးဖြတ်​ထား​၏။ 13ကျမ်းတတ်​ပုဂ္ဂိုလ်​ဇေန​နှင့်​အာပေါလု​တို့​ကို သူ​တို့​အတွက် လိုလေသေး​မ​ရှိ​ရ​အောင် သေချာ​စွာ​ပို့ဆောင်​ပေး​လော့။ 14ငါ​တို့​၏​လူ​များ​သည်​လည်း အသီး​မ​သီး​သော​သူ​မ​ဖြစ်​မည့်​အကြောင်း အရေးတကြီး​လိုအပ်​သော​အရာ​များ​အတွက် ကောင်း​သော​အမှု​တို့​ကို ပါဝင်​လုပ်ဆောင်​ရန် သင်ယူ​ကြ​ရ​မည်။
15ငါ​နှင့်အတူ​ရှိ​သော​သူ​အားလုံး​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​အား​ချစ်ခင်​သော​သူ​များ​ကို နှုတ်ဆက်​ပေး​လော့။ ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

တိတုဩဝါဒစာ 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ