YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတုဩဝါဒစာ 2

2
မှန်ကန်ပြည့်စုံသောဩဝါဒ
1သင်​မူကား မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​နှင့် သင့်လျော်​သည့်​အရာ​များ​ကို ဟောပြော​လော့။ 2အသက်ကြီး​သော​ယောက်ျား​တို့​အား သမ္မာသတိ​ရှိ​သော​သူ၊ တည်ကြည်​လေးနက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် ဟောပြော​လော့။
3ထိုနည်းတူ အသက်ကြီး​သော​အမျိုးသမီး​တို့​အား ဓမ္မဝတ်​နှင့်​ထိုက်တန်​သော​သူ​များ​ကဲ့သို့​ပြုမူ​လျက် ကုန်းချော​တတ်​သော​သူ၊ စပျစ်​ဝိုင်​၏​ကျေးကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်းမြတ်​သော​အရာ​ကို​သင်ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟောပြော​လော့။ 4ထိုအခါ သူ​တို့​သည် ငယ်ရွယ်​သော​အမျိုးသမီး​တို့​အား ခင်ပွန်းသည်​ကို​ချစ်​သော​သူ၊ သားသမီး​များ​ကို​ချစ်​သော​သူ၊ 5ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူစင်​သန့်ရှင်း​သော​သူ၊ အိမ်မှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ၊ ကောင်းမွန်​သော​သူ၊ မိမိ​ခင်ပွန်းသည်​ကို နာခံ​သော​သူ​ဖြစ်​ကြ​ရန် သတိပေး​ဆုံးမ​နိုင်​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် စော်ကား​ပြောဆို​ခံရ​ခြင်း​မှ ကင်းလွတ်​လိမ့်မည်။
6ထိုနည်းတူ ငယ်ရွယ်​သော​ယောက်ျား​တို့​အား တည်ငြိမ်​မှန်ကန်​သော​စိတ်​ရှိ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လော့။ 7အရာရာ​၌ ကောင်း​သော​လုပ်ဆောင်မှု​၏​စံနမူနာ​ကို သင်​ကိုယ်တိုင်​ပြသ​လော့။ ဩဝါဒ​ပေး​ရာ​တွင် သမာဓိ​နှင့်​တည်ကြည်​လေးနက်​ခြင်း​ရှိ​လျက် 8အပြစ်တင်​စရာ​ကင်း​သော မှန်ကန်​ပြည့်စုံ​သည့်​စကား​ကို ပြောဆို​လော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်​ပြု​သော​သူ​သည် ငါ​တို့​နှင့်​ပတ်သက်၍ မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​နိုင်​ဘဲ အရှက်ရ​လိမ့်မည်။
9ကျွန်​ဖြစ်​သူ​တို့​အား မိမိ​သခင်​ကို အရာရာ​၌​နာခံ​လျက် နှစ်သက်​ဖွယ်​ဖြစ်စေ​ရန်​နှင့် ဆန့်ကျင်​ပြောဆို​ခြင်း၊ 10ခိုးယူ​ခြင်း​တို့​ကို​မ​ပြု​ဘဲ အစဉ်​ကောင်းမွန်​စွာ​သစ္စာစောင့်​နေ​ကြောင်း​ကို​ပြသ​ရန် တိုက်တွန်း​နှိုးဆော်​လော့။ ထိုသို့ပြုလျှင် သူ​တို့​သည် အရာရာ​၌ ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​သွန်သင်​ချက်​ကို တင့်တယ်​စေ​ကြ​လိမ့်မည်။
11အကြောင်းမူကား လူ​အပေါင်း​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​သည် ပေါ်ထွန်း​တော်မူ​ပြီး 12ငါ​တို့​အား ဘုရား​တရား​မဲ့​ခြင်း​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​ကို စွန့်ပယ်​၍ ဤ​လောက​တွင် ဘုရား​ဝတ်​၌​မွေ့လျော်​စွာ၊ သင့်တင့်​လျောက်ပတ်​စွာ​နှင့် ဖြောင့်မတ်​စွာ​အသက်ရှင်​ရန်​လည်းကောင်း၊ 13ကြီးမြတ်​သည့်​ဘုရားသခင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​၏​ဘုန်း​တော်​ပေါ်ထွန်း​ခြင်း​တည်းဟူသော မင်္ဂလာရှိ​သော​မျှော်လင့်​ခြင်း​ကို စောင့်မျှော်​ရန်​လည်းကောင်း ဆုံးမ​သွန်သင်​လျက်​ရှိ​၏။ 14ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။
15သင်​သည် ဤ​အရာ​များ​ကို အမိန့်​အာဏာ​အပြည့်အဝ​ဖြင့်​ဟောပြော​လျက် တိုက်တွန်း​နှိုးဆော်​ကာ အပြစ်​ကို​ဖော်ပြ​လော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင်​မ​ပြု​စေ​နှင့်။

လက်ရှိရွေးချယ်ထားမှု

တိတုဩဝါဒစာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ