YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 5

5
ရှင်ဘုရင်
1“အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ ငါ့​ဥယျာဉ်​ထဲသို့ ငါ​လာ​ပြီ​။ မုရန်​နှင့် အမွှေးနံ့သာ​တို့​ကို ငါ​စုသိမ်း​ပြီ​။ ပျားလပို့​မှ​ပျားရည်​တို့​ကို ငါ​စား​ပြီ​။ စပျစ်ဝိုင်​နှင့် နို့​ကို​လည်း ငါ​သောက်​ရ​ပြီ​။”
အခြားသူ
“အို မိတ်ဆွေ​တို့​၊ စား​ကြ​ပါ​။ အို ချစ်သူ​တို့​၊ သောက်​၍ ယစ်မူး​ကြ​ပါ​။”
သတို့သမီး
2“​အကျွန်ုပ်​သည် အိပ်​သော်လည်း စိတ်​မှာ​နိုး​လျက်​နေ​၏​။ အကျွန်ုပ်​ချစ်သူ​က
ရှင်ဘုရင်
‘​ငါ့​နှမ​၊ ငါ့​ချစ်သူလေး​၊ ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ​၊ ငါ့​ကို တံခါး​ဖွင့်​ပေး​ပါ​။ ငါ့​ခေါင်း​သည် နှင်းစက်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​။ ငါ့​ဆံပင်​သည် ည​နှင်းရည်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​’​ဟု ဆို​လျက် တံခါးခေါက်​နေ​ပါ​သည်​တကား​။
သတို့သမီး
3အကျွန်ုပ်​သည် ဝတ်ရုံ​ကို​ချွတ်​ပြီး​ပါ​ပြီ​၊ ပြန်ဝတ်​ရ​မည်လော​။ ခြေ​ကို​ဆေး​ပြီး​ပါ​ပြီ​၊ ညစ်ပေ​အောင် ပြန်လုပ်​ရ​မည်လော​။
4အကျွန်ုပ်​ချစ်သူ​သည် တံခါးပေါက်​မှ လက်လှမ်းလျှို​လိုက်​သောအခါ အကျွန်ုပ်​၏​အသဲနှလုံး တုန်ခါ​သွား​ပါ​၏​။
5အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​ဖို့ ထ​လိုက်​သောအခါ အကျွန်ုပ်​လက်​ကြား​မှ မုရန်​ဆီ​တို့​ယို​၍ လက်ချောင်း​များ​ကြား​မှ တံခါးလက်ကိုင်​ပေါ်သို့ စီးကျ​လာ​ပါ​၏​။
6အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​သော်လည်း ချစ်သူ​မှာ ထွက်သွား​နှင့်​လေ​ပြီ​။ သူ​စကားပြော​သောအခါ အကျွန်ုပ်​ရင်ခုန်​လွန်းလှ​ပါ​၏​။ သူ့​ကို​ရှာ​သော်လည်း မ​တွေ့​ပါ​။ ခေါ်​သော်လည်း မ​ထူး​ပါ​။
7မြို့​လှည့်​ကင်းစောင့်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​တွေ့​သောအခါ ရိုက်နှက်​ကြ​သဖြင့် အကျွန်ုပ်​ဒဏ်ရာ​ရ​ပါ​၏​။ မြို့ရိုးအစောင့်​တို့​သည်​လည်း အကျွန်ုပ်​ခြုံပဝါ​ကို လုယူ​ကြ​ပါ​၏​။
8အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​ချစ်သူ​ကို​တွေ့​လျှင် အကျွန်ုပ်​အချစ်နာကျ​နေ​သည်​ကို သူ့​အား​ပြောပြ​ပေး​ပါ​မည်​ဟု ကျိန်ဆို​ကြ​ပါ​လော့​။​”
အခြားသူ
9“​မိန်းမ​တကာ​တို့​ထက် အဆင်းလှ​သော​မိန်းကလေး​၊ သင့်​ချစ်သူ​သည် အခြားသူ​တို့​၏​ချစ်သူ​ထက် မည်မျှ​သာ​သနည်း​။ သင်​သည် အကျွန်ုပ်​တို့​ကို ကျိန်ဆို​စေ​ရ​လောက်အောင် သင့်​ချစ်သူ​သည် အခြား​သူ​တို့​၏​ချစ်သူ​ထက် မည်မျှ​သာ​သနည်း​။​”
သတို့သမီး
10“​အကျွန်ုပ်​ချစ်သူ​သည် စိုပြည်​နီမြန်း​သော​အသားအရောင်​ရှိ​ပါ​၏​။ လူ​တစ်သောင်း​အလယ်​တွင်​ပင် ထင်းကနဲ​ပေါ်လွင်​သူ​ဖြစ်​ပါ​၏​။
11အကျွန်ုပ်​ချစ်သူ​၏​ဦးခေါင်း​မှာ ရွှေစင်​နှင့်​တူ​ပါ​၏​။ ဆံပင်​မှာ ကျီးကန်း​ကဲ့သို့ မည်းနက်​ပြီး လှိုင်းတွန့်ပုံ​ဖြစ်​ပါ​၏​။
12သူ့​မျက်လုံး​များ​ကား နို့ရည်​ချိုး​ပြီး ရေပြည့်လျှံ​သည့်​ချောင်း​နံဘေး​တွင်​နေ​လေ့​ရှိ​သော ချိုးငှက်​၏​မျက်လုံး​နှင့်​တူ​၏​။
13သူ့​ပါးပြင်​တို့​သည် မွှေးကြိုင်​သော​အိပ်ရာ​၊ အမွှေးနံ့သာ​ထုံသင်း​သော​ရဲတိုက်​နှင့်​တူ​၏​။ သူ့​နှုတ်ခမ်း​သည်​လည်း မုရန်​ဆီ​ယို​စီး​သော နှင်းပန်း​နှင့်​တူ​၏​။
14သူ​၏​လက်​များ​သည်​လည်း ကျောက်မျက်ရွဲ​စီခြယ်​ထား​သော ရွှေ​လက်စွပ်​နှင့်​တူ​၏​။ ဝမ်းဗိုက်​သည်​လည်း နီလာ​ကျောက်​စီခြယ်​ထား​သော ပြောင်လက်​သည့်​ဆင်စွယ်​နှင့်​တူ​၏​။
15သူ့​ခြေထောက်​များ​သည် ရွှေစင်​အုတ်ခုံ​ပေါ်တွင် စိုက်ထူ​ထား​သော စကျင်ကျောက်​တိုင်​နှင့်​တူ​၏​။ သူ့​ရုပ်သွင်​သည်​လည်း အကောင်းဆုံး​သစ်ကတိုးပင်​များ​ပေါက်​ရာ လက်ဘနွန်​တောင်​နှင့်​တူ​၏​။
16နှုတ်​ချို​၍ သူ့​တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်​ဖြစ်​၏​။ အို ဂျေရုဆလင်​သမီးပျို​တို့​၊ ဤ​သူ​ကား အကျွန်ုပ်​၏​ချစ်သူ​၊ ဤ​သူ​သည် အကျွန်ုပ်​မိတ်ဆွေ ဖြစ်​၏​။​”

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ