YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 12:3-18

ရောမဩဝါဒစာ 12:3-18 MSBU

ငါ့​အား​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ထဲတွင်​ရှိ​သော​သူ​အားလုံး​ကို ငါ​မှာကြား​လို​သည်​မှာ သင်​တို့​သည် မိမိကိုယ်ကို ထင်​သင့်​သည်​ထက် ပို၍​အထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အသီးသီး​အား ဘုရားသခင်​ခွဲဝေ​ပေး​တော်မူ​သော ယုံကြည်​ခြင်း​အတိုင်းအတာ​နှင့်အညီ သင့်တင့်​လျောက်ပတ်​စွာ ထင်မြင်​ကြ​လော့။ အကြောင်းမူကား ကိုယ်ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ထို​အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် တူညီ​သော​လုပ်ဆောင်​မှု​ကို လုပ်ဆောင်​ကြ​သည်​မ​ဟုတ်​သကဲ့သို့ အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။ အမှု​တော်​ဆောင်​ဖြစ်လျှင် အမှု​တော်​ကို​ဆောင်ရွက်​စေ။ သွန်သင်​သော​သူ​ဖြစ်လျှင် သွန်သင်​ခြင်း​ကို​ပြု​စေ။ တိုက်တွန်း​နှိုးဆော်​သူ​ဖြစ်လျှင် တိုက်တွန်း​နှိုးဆော်​ခြင်း​ကို​ပြု​စေ။ ပေးကမ်း​ဝေမျှ​သော​သူ​သည် ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​စေ။ စီမံ​အုပ်ချုပ်​သော​သူ​သည် လုံ့လ​ဝီရိယ​ဖြင့်​စီမံ​အုပ်ချုပ်​စေ။ မစ​သနား​ခြင်း​အမှု​ကို​ပြု​သော​သူ​သည် ကြည်ဖြူ​သော​စိတ်​နှင့်​ပြု​စေ။ ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​အားဖြင့် အချင်းချင်း​ချစ်ခင်​ကြင်နာ​ကြ​၍ ရိုသေသမှုပြုခြင်း​၌ သူတစ်ပါး​သည် မိမိ​ထက်​သာလွန်​သည်​ဟု မှတ်ယူ​ကြ​လော့။ လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။ မျှော်လင့်​ခြင်း​၌​ဝမ်းမြောက်​လျက် ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​ကာ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။ သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။ အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။ မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။ သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။