YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 8

8
သတ္တမတံဆိပ်
1သိုးသငယ်​တော်​သည် သတ္တမ​တံဆိပ်​ကို​ဖွင့်​သောအခါ ကောင်းကင်​၌ နာရီဝက်​ခန့်မျှ ဆိတ်ငြိမ်​ခြင်း​ရှိ​၏။
2ထို့နောက် ဘုရားသခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံပိုးခရာ​ခုနစ်​ခု​ကို​ပေး​ထား​၏။
3တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် နံ့သာ​ပူဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်ပလ္လင်​အနား​သို့​လာ​၍​ရပ်​လေ​ရာ သန့်ရှင်း​သူ​အပေါင်း​တို့​၏​ဆုတောင်း​ချက်​များ​နှင့်​ပေါင်းစပ်၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်ပလ္လင်​ပေါ်တွင်​ဆက်ကပ်​ရန် များစွာ​သော​နံ့သာပေါင်း​ကို သူ့​အား​ပေး​လေ​၏။ 4ထိုအခါ နံ့သာပေါင်း​၏​အခိုးအငွေ့​သည် သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​နှင့်အတူ ကောင်းကင်​တမန်​၏​လက်​ထဲမှ ဘုရားသခင်​၏​ရှေ့​တော်​သို့​တက်​သွား​လေ​၏။ 5ထို့နောက် ထို​ကောင်းကင်​တမန်​သည် နံ့သာ​ပူဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီးလျှင် မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​ရာ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ ဖြစ်ပေါ်​လေ​၏။
6ထိုအခါ တံပိုးခရာ​ခုနစ်​ခု​ရှိ​သော ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​သည် တံပိုးခရာ​ကို​မှုတ်​ရန် ပြင်ဆင်​ကြ​၏။
ပထမတံပိုးခရာ
7ပထမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ သွေး​နှင့်​ရောနှော​သော မိုးသီး​နှင့်​မီး​တို့​ဖြစ်ပေါ်​လာ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ မြေကြီး​၏​သုံးပုံတစ်ပုံ​သည် လောင်ကျွမ်း​၍ သစ်ပင်​များ​၏​သုံးပုံတစ်ပုံ​နှင့် စိမ်းလန်း​သော​မြက်​ပင်​ရှိသမျှ​တို့​သည်​လည်း လောင်ကျွမ်း​သွား​၏။
ဒုတိယတံပိုးခရာ
8ဒုတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီး​တောက်လောင်​နေ​သည့် ကြီးမား​သော​တောင်​ကဲ့သို့သော​အရာ​သည် ပင်လယ်​ထဲသို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ ပင်လယ်​သုံးပုံတစ်ပုံ​သည် သွေး​ဖြစ်​သွား​သဖြင့် 9ပင်လယ်​၌​ရှိ​သော သက်ရှိ​သတ္တဝါ​သုံးပုံတစ်ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံးပုံတစ်ပုံ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။
တတိယတံပိုးခရာ
10တတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီးရှူး​သဖွယ်​တောက်လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်းကင်​မှ​ကြွေကျ​၍ မြစ်​များ​၏​သုံးပုံတစ်ပုံ​အပေါ်​နှင့် စမ်းရေ​တွင်း​များ​အပေါ်သို့ ကျ​လေ​၏။ 11ထို​ကြယ်​၏​အမည်​ကား ဒေါန​ဟူ၍​ဖြစ်​ပြီး ရေ​၏​သုံးပုံတစ်ပုံ​သည် ဒေါန​ကဲ့သို့​ခါး​သွား​၏။ ရေ​ခါး​သဖြင့် ထို​ရေ​ကြောင့် များစွာ​သော​လူ​တို့​သည် သေ​ကြ​၏။
စတုတ္ထတံပိုးခရာ
12စတုတ္ထ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ နေ​၏​သုံးပုံတစ်ပုံ၊ လ​၏​သုံးပုံတစ်ပုံ၊ ကြယ်​များ​၏​သုံးပုံတစ်ပုံ​တို့​သည် ထိပါး​တိုက်ခိုက်​ခြင်း​ခံရ​သဖြင့် ၎င်း​တို့​၏​သုံးပုံတစ်ပုံ​သည် မှောင်မည်း​သွား​လေ​၏။ နေ့​၏​သုံးပုံတစ်ပုံ​သည်​လည်း အလင်းရောင်​ကွယ်ပျောက်​လျက် ည​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။#ဟေရှာ 13:10၊ ယေဇ 32:7၊ ယောလ 2:10,31၊ 3:15။
13ထို့နောက် ငါ​ကြည့်​လျှင် ကောင်းကင်​အလယ်​တွင် ပျံသန်း​နေ​သော​လင်းယုန်​တစ်​ကောင်​က “ကောင်းကင်​တမန်​သုံး​ပါး​တို့​မှုတ်​တော့မည့် ကျန်​ရှိ​သော​တံပိုးခရာ​တို့​၏​အသံ​ကြောင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​တို့​သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ​ကြ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ