ထို့နောက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်၌ အတွင်းအပြင်နှစ်ဖက်စလုံးတွင် စာများရေးထားပြီး တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ်ထားသော စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။ ထိုအခါ ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးက “မည်သူသည် စာလိပ်ကိုဖွင့်၍ ၎င်း၏တံဆိပ်များကိုခွာထိုက်သနည်း”ဟု ကျယ်လောင်သောအသံနှင့် ကြွေးကြော်နေသည်ကို ငါမြင်ရ၏။ သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ စာလိပ်ကိုဖွင့်ရန်၊ သို့မဟုတ် ကြည့်ရန် တတ်နိုင်သူတစ်စုံတစ်ဦးမျှမရှိ။ ထိုစာလိပ်ကိုဖွင့်ရန်၊ သို့မဟုတ် ကြည့်ရန် ထိုက်တန်သူတစ်စုံတစ်ဦးမျှမတွေ့ရသောကြောင့် ငါသည် သည်းထန်စွာငိုကြွေး၏။ ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။ ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။ သိုးသငယ်တော်သည် လာ၍ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်မှ စာလိပ်ကိုယူလေ၏။ ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။ ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။ ထို့နောက် ငါကြည့်လိုက်ရာ ပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ပတ်ဝန်းကျင်မှ များစွာသောကောင်းကင်တမန်တို့၏အသံကိုကြားရ၏။ သူတို့၏အရေအတွက်သည် သိန်းသန်းကုဋေရှိ၏။ သူတို့သည် ကျယ်လောင်သောအသံဖြင့် “အသေသတ်ခြင်းခံရသောသိုးသငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် ကောင်းချီးမင်္ဂလာတို့ကိုခံယူထိုက်သောအရှင်ဖြစ်ပါ၏”ဟု ကြွေးကြော်ကြ၏။ ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။ ထိုအခါ သတ္တဝါလေးပါးတို့က “အာမင်”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။
ဗျာဒိတ်ကျမ်း 5 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ်ကျမ်း 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ်ကျမ်း 5:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ