YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 19

19
ဘေဘီလုံမြို့၏ကျဆုံးမှုအတွက် ကောင်းကင်သားတို့ဝမ်းမြောက်ကြခြင်း
1ထို့နောက် ကောင်းကင်​ရှိ များစွာ​သော​လူထု​ပရိသတ်​တို့​၏​ကျယ်လောင်​သည့်​အသံ​ကဲ့သို့သော​အသံ​ကို ငါ​ကြား​ရ​၏။ သူ​တို့​က “ဟာလေလုယာ။ ကယ်တင်​ခြင်း၊ ဘုန်း​အသရေ​တော်​နှင့် တန်ခိုး​တော်​တို့​သည် ငါ​တို့​ဘုရားသခင်​နှင့်ဆိုင်​တော်မူ​၏။ 2အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။ 3ထို့နောက် တစ်ဖန် သူ​တို့​က “ဟာလေလုယာ။ သူ​၏​မီးခိုး​သည် ကမ္ဘာ​အဆက်ဆက်​တက်​သွား​လျက်​ရှိ​၏”​ဟု ဆို​ကြ​၏။ 4သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​နှင့် သတ္တဝါ​လေး​ပါး​တို့​သည်​လည်း ပျပ်ဝပ်​လျက် ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​ဘုရားသခင်​ကို​ရှိခိုး​ကာ “အာမင်။ ဟာလေလုယာ”​ဟု ဆို​ကြ​၏။ 5ပလ္လင်​တော်​မှ​ထွက်လာ​သော​အသံ​က​လည်း “ဘုရားသခင်​၏​အစေအပါး​များ​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အကြီး​အငယ်​အပေါင်း​တို့၊ ငါ​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ကြ​လော့”​ဟု ဆို​၏။
သိုးသငယ်တော်၏မင်္ဂလာဧည့်ခံပွဲ
6ထို့နောက် များစွာ​သော​လူ​အစုအဝေး​၏​အသံ​နှင့်​လည်းကောင်း၊ များစွာ​သော​ရေဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ပြင်းထန်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သော​အသံ​က “ဟာလေလုယာ။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် စိုးစံ​တော်မူ​သည်​ဖြစ်​၍ 7ငါ​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​လျက် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ကုန်​စို့။ အဘယ်ကြောင့်​ဆိုသော် သိုးသငယ်​တော်​၏​မင်္ဂလာဆောင်​ပွဲ​အချိန်​ကျရောက်​လာ​၍ သူ​၏​သတို့သမီး​သည် မိမိကိုယ်ကို​ပြင်ဆင်​လေ​ပြီ။ 8ထို​သတို့သမီး​သည် စင်ကြယ်​တောက်ပ​သော​ပိတ်ချော​ထည်​ကို ဝတ်ဆင်​ခွင့်​ရရှိ​၏။ ထို​ပိတ်ချော​ထည်​ကား သန့်ရှင်း​သူ​တို့​၏​ဖြောင့်မတ်​သော​အကျင့်​ဖြစ်​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ 9ထို့နောက် ကောင်းကင်​တမန်​က “သိုးသငယ်​တော်​၏​မင်္ဂလာ​ညစာစားပွဲ​သို့ ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏​ဟု ရေး​ထား​လော့”​ဟူ၍ ငါ့​အား​မြွက်ဆို​ပြီးလျှင် “ဤ​အရာ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မှန်​သော​နှုတ်ကပတ်တော်​များ​ဖြစ်​ကြ​၏”​ဟု မြွက်ဆို​လေ​၏။ 10ထိုအခါ ငါ​သည် ထို​ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေ​ရင်း​၌​ပျပ်ဝပ်​လေ​သော် သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော သင့်​ညီအစ်ကို​တို့​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့။ အကြောင်းမူကား ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​၏​ဝိညာဉ်​ဖြစ်​၏”​ဟု ဆို​၏။
မြင်းဖြူပေါ်စီးသောသူ
11ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်မှန်​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏။ သူ​သည် ဖြောင့်မတ်​စွာ​တရား​စီရင်​၍ စစ်တိုက်​လေ​၏။#ဆာ 96:13၊ ဟေရှာ 11:4။ 12သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ဦးခေါင်း​ပေါ်၌ သရဖူ​များ​ကို​ဆောင်း​ထား​၏။ သူ​၌​ရေး​ထား​သော​နာမ​တစ်​ခု​ရှိ​၍ ၎င်း​ကို သူ​ကိုယ်တိုင်​မှတစ်ပါး မည်သူ​မျှ​မ​သိ။ 13သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အမည်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​ဟု ခေါ်​၏။ 14ကောင်းကင်​ဗိုလ်ခြေ​တို့​သည် စင်ကြယ်​သော​ပိတ်ချော​ဖြူ​ကို​ဝတ်ဆင်​လျက် မြင်း​ဖြူ​ကို​စီး​ကာ သူ​၏​နောက်​သို့​လိုက်​ကြ​၏။ 15လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။#ဗျာ 2:27၊ ဆာ 2:9။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။ 16သူ​၏​ဝတ်ရုံ​နှင့်​ပေါင်​တို့​၌ “ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်”#၁တိ 6:15၊ တရား 10:17။​ဟု ရေး​ထား​သော​ဘွဲ့​နာမ​ရှိ​၏။
သားရဲနှင့်သူ၏စစ်သည်များရှုံးနိမ့်ခြင်း
17ထို့နောက် နေ​ထဲ၌ ရပ်​နေ​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​သည် ကောင်းကင်​အလယ်​၌ ပျံသန်း​သော​ငှက်​အပေါင်း​တို့​အား “ဘုရားသခင်​၏​ညစာ​စားပွဲ​ကြီး​သို့ လာ​၍​စုဝေး​ကြ​လော့။ 18ရှင်ဘုရင်​တို့​၏​အသား၊ တပ်မှူးကြီး​တို့​၏​အသား၊ စစ်သူရဲ​တို့​၏​အသား၊ မြင်း​နှင့်​မြင်းစီး​သူရဲ​တို့​၏​အသား၊ လွတ်လပ်​သူ​နှင့်​ကျွန်​များ​မှစ၍ လူကြီး​လူငယ်​ရှိသမျှ​တို့​၏​အသား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။#ယေဇ 39:17-20။
19ထိုအခါ သားရဲ​မှစ၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ​နှင့် ၎င်း​တို့​၏​ဗိုလ်ခြေ​များ​သည် မြင်း​စီး​သော​သူ​နှင့်​သူ​၏​ဗိုလ်ခြေ​ကို​စစ်​တိုက်​ရန် စုဝေး​ကြ​သည်​ကို ငါ​မြင်​ရ​၏။ 20သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။ 21ကြွင်းကျန်​သော​သူ​တို့​မူကား မြင်း​စီး​သော​သူ​၏​ခံတွင်း​မှ​ထွက်​သော​သန်လျက်​ဖြင့် သတ်ဖြတ်​ခြင်း​ခံရ​ပြီး ငှက်​အပေါင်း​တို့​သည် သူ​တို့​၏​အသား​ကို ဝလင်​စွာ​စား​ရ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။