YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 18

18
ဘေဘီလုံမြို့၏ကျဆုံးမှု
1ထို့နောက် ကြီးမား​သော​အခွင့်​အာဏာ​ပါ​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ ကမ္ဘာ​မြေကြီး​သည် သူ​၏​ဘုန်း​အသရေ​ကြောင့် ထွန်းလင်း​တောက်ပ​လေ​၏။ 2သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။#ဗျာ 14:8၊ ဟေရှာ 21:9၊ ယေ 51:8။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။ 3အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေကြီး​၏​ကုန်သည်​တို့​သည်​လည်း သူ​၏​လွန်ကျူး​သော​ဇိမ်ခံ​ခြင်း​အရှိန်အဝါ​အားဖြင့် ချမ်းသာ​လာ​ကြ​၏”​ဟု ဆို​၏။
4ထို့နောက် ကောင်းကင်​မှ​အခြား​သော​အသံ​က “ငါ့​လူမျိုး​တို့၊ သင်​တို့​သည် သူ​၏​အပြစ်​များ​၌ မ​ပါဝင်​စေရန်​လည်းကောင်း၊ သူ​ခံရ​မည့်​ဘေးဒဏ်​တစ်စုံတစ်ခု​ကို​မျှ မ​ခံရ​စေရန်​လည်းကောင်း သူ့​ထံမှ ထွက်လာ​ခဲ့​ကြ​လော့။ 5အဘယ်ကြောင့်​ဆိုသော် သူ​၏​အပြစ်​တို့​သည် ကောင်းကင်​အထိ စုပုံ​လျက်​ရှိ​၍ သူ​၏​မတရားမှု​များ​ကို ဘုရားသခင်​မှတ်မိ​တော်မူ​ပြီ။#ယေ 51:9။ 6သူ​ပေး​ခဲ့​သည့်​အတိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အမှု​များ​အပေါ် နှစ်ဆ​တိုး​၍​တုံ့ပြန်​ကြ​လော့။ သူ​ရောစပ်​ခဲ့​သော​ခွက်​၌ သူ့​အတွက်​နှစ်ဆ​ရောစပ်​ပေး​ကြ​လော့။ 7သူ​သည် မိမိကိုယ်ကို​ချီးမြှောက်​၍ စည်းစိမ်​ခံစား​ခဲ့​သည်​နှင့်အမျှ သူ့​အား ညှဉ်းဆဲ​ခြင်း​နှင့်​ဝမ်းနည်း​ကြေကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သူ​က ‘ငါ​သည် မိဖုရား​ဖြစ်​၏။ မုဆိုးမ မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း​ကို​လည်း မည်သည့်​အခါ​မျှ ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်’​ဟု မိမိ​စိတ်​ထဲ၌​ဆို​သောကြောင့်​ဖြစ်​၏။ 8ထို့ကြောင့် သူ​ခံရ​မည့်​ဘေးဒဏ်​များ​ဖြစ်​သော သေ​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​တို့​သည် တစ်​ရက်​အတွင်း သူ့​အပေါ်​ကျရောက်​ပြီး သူ​သည် မီး​ဖြင့်​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား သူ့​ကို​စီရင်​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် ခွန်အား​နှင့်​ပြည့်စုံ​တော်မူ​၏။
ဘေဘီလုံမြို့၏ကျဆုံးမှုအတွက် လောကသားတို့ပူဆွေးငိုကြွေးကြခြင်း
9သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး စည်းစိမ်​ခံစား​ခဲ့​ကြ​သော ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ့​ကို​လောင်ကျွမ်း​သည့်​မီးခိုး​ကို မြင်​ကြ​သောအခါ သူ့​အတွက် ရင်ဘတ်​စည်တီး​လျက်​ငိုကြွေး​ကြ​လိမ့်မည်။ 10ထို​သူ​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို​ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ‘ကြီးမား​သော​မြို့၊ အားကြီး​သော​ဘေဘီလုံ​မြို့၊ သင်​သည် စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား။ အဘယ်ကြောင့်​ဆိုသော် သင်​ခံရ​သည့်​တရား​စီရင်​ခြင်း​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ ကျရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်မည်။
11ကမ္ဘာ​မြေကြီး​ပေါ်​ရှိ ကုန်သည်​များ​သည်​လည်း သူ​တို့​၏​ကုန်ပစ္စည်း​များ​ကို ဝယ်ယူ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​တော့​သဖြင့် သူ့​အတွက်​ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။ 12သူ​တို့​၏​ကုန်ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်​အထည်၊ ပိုးထည်၊ နီမြန်း​သော​အထည်၊ သစ်​မွှေး​အမျိုးမျိုး၊ ဆင်စွယ်​ပစ္စည်း​အမျိုးမျိုး၊ အဖိုးတန်​သော​သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူ​တို့​ဖြင့် ပြုလုပ်​သော​ပစ္စည်း​အမျိုးမျိုး၊ 13သစ်ကြံပိုး၊ ဟင်းခတ်​အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်​ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ​နွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရထား၊ လူ့​ကိုယ်ခန္ဓာ​နှင့် လူ​၏​အသက်​တို့​ပင်​ဖြစ်​ကြ​၏။ 14သင်​၏​စိတ်နှလုံး​တပ်မက်​သော​အသီးအပွင့်​သည် သင့်​ထံမှ ပျောက်ကွယ်​သွား​လေ​ပြီ။ သင့်​ကို အဆီယစ်​စေ​သော​အရာ​များ​နှင့် တင့်တယ်​စေ​သော​အရာ​တို့​သည်​လည်း သင့်​ထံမှ ပျောက်ဆုံး​သွား​လေ​ပြီ။ ထို​အရာ​များ​ကို မည်သည့်​အခါ​မျှ​တွေ့​ရ​ကြ​တော့မည်​မ​ဟုတ်။ 15သူ့​အားဖြင့် ချမ်းသာ​လာ​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​ကုန်ပစ္စည်း​တို့​ကို​ပိုင်ဆိုင်​သော​ကုန်သည်​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ဝမ်းနည်း​ကြေကွဲ​၍ ငိုကြွေး​ကြ​ကာ#ယေဇ 27:36။ 16‘ပိတ်ချော၊ ခရမ်းရောင်​နှင့် နီမြန်း​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​လျက် ရွှေ၊ ကျောက်မျက်​ရတနာ​နှင့် ပုလဲ​တို့​ဖြင့် တန်ဆာဆင်​ထား​သော​မြို့​ကြီး၊ သင်​သည် စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား။ 17အကြောင်းမူကား ဤမျှလောက်​များပြား​သော​စည်းစိမ်​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​ပါ​သည်​တကား’​ဟု ဆို​ကြ​လိမ့်မည်။ ရေယာဉ်မှူး​အားလုံး၊ အရပ်ရပ်​သို့​ရွက်လွှင့်​တတ်​သော​သူ​အပေါင်း​တို့​နှင့် သင်္ဘောသား​များ၊ ပင်လယ်​ထဲ၌​အလုပ်လုပ်​နေ​သူ​ရှိသမျှ​တို့​သည်​လည်း အဝေး​မှ​ရပ်​လျက် 18သူ့​ကို​လောင်ကျွမ်း​နေ​သော​မီး​မှ မီးခိုး​များ​ကို​မြင်​၍ ‘မည်သည့်​မြို့​သည် ဤ​ကြီးမား​သော​မြို့​နှင့်​တူ​သနည်း’​ဟု အော်ဟစ်​ကြ​လိမ့်မည်။ 19သူ​တို့​သည် မြေမှုန့်​ကို မိမိ​တို့​ခေါင်း​ပေါ်​သို့​ပစ်တင်​၍ ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​ကာ ‘မိမိ​၏​အဖိုးတန်​ပစ္စည်း​များ​ကြောင့် ပင်လယ်​ထဲရှိ​သင်္ဘော​များ​ကို ပိုင်ဆိုင်​သူ​ရှိသမျှ​တို့​အား ချမ်းသာ​စေ​ခဲ့​သည့် ကြီးမား​သော​မြို့၊ သင်​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​သည်​ဖြစ်၍ စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား’​ဟု အော်ဟစ်​ပြောဆို​ကြ​၏။#ယေဇ 27:30-34။ 20ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။#ယေ 51:48။
ဘေဘီလုံမြို့၏နိဂုံး
21ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကြီးမား​သည့်​ကြိတ်ဆုံ​ကဲ့သို့သော​ကျောက်တုံး​တစ်​တုံး​ကို​ချီယူ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကာ “ဘေဘီလုံ​မြို့​ကြီး​သည် ဤကဲ့သို့ ကြမ်းတမ်း​စွာ​ပစ်ချ​ခြင်း​ကို​ခံရ​၍ လုံးဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။ 22စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမား​တို့​၏​တီးမှုတ်​သံ​ကို သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အမျိုးမျိုး​သော​လက်မှု​ပညာ​တတ်ကျွမ်း​သော မည်သည့်​လက်မှု​ပညာသည်​ကို​မျှ သင့်​အထဲ၌ လုံးဝ​တွေ့​ရ​တော့မည်​မ​ဟုတ်။ ကြိတ်ဆုံ​သံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ 23ဆီမီး​၏​အလင်း​ကို​လည်း သင့်​အထဲ၌ လုံးဝ​ထွန်းလင်း​တော့မည်​မ​ဟုတ်။ မင်္ဂလာဆောင်​သတို့သား​နှင့်​သတို့သမီး​တို့​၏​အသံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား သင်​၏​ကုန်သည်​တို့​သည် ကမ္ဘာ​မြေကြီး​၏​မှူးကြီးမတ်ရာ​များ​ဖြစ်​ကြ​၏။ လူမျိုး​တကာ​တို့​သည်​လည်း သင်​၏​ပြုစား​ခြင်း​ဖြင့် လှည့်ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။ 24ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကမ္ဘာ​မြေကြီး​ပေါ်တွင် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​သော​သူ​အပေါင်း​တို့​၏​သွေး​ကို​လည်း ထို​မြို့​၌​တွေ့​ရ​၏”​ဟု ဆို​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ