YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 12

12
အမျိုးသမီး၊ ကလေးငယ်နှင့် နဂါးကြီး
1ထို့နောက် ကောင်းကင်​၌ ကြီးမား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ အမျိုးသမီး​တစ်​ဦး​သည် နေ​ကို​ဝတ်ဆင်​လျက် လ​ကို ခြေ​အောက်၌​နင်း​ထား​ကာ ဦးခေါင်း​ပေါ်တွင် ကြယ်​တစ်ဆယ့်နှစ်​လုံး​ပါ​သော​သရဖူ​ကို​ဆောင်း​ထား​၏။ 2ထို​အမျိုးသမီး​သည် ကိုယ်ဝန်ဆောင်​၍ သားဖွား​ခြင်း​ဝေဒနာ​ကြောင့် အော်ဟစ်​လျက် သားဖွား​ရန်​မချိမဆံ့​ခံစား​နေ​၏။ 3တစ်ဖန် ကောင်းကင်​၌ အခြား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ ခေါင်း​ခုနစ်​လုံး​နှင့် ဦးချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်တွင် သရဖူ​ခုနစ်​ခု​ကို​ဆောင်း​ထား​သည့် နီရဲ​သော​နဂါး​ကြီး​တစ်​ကောင်​ရှိ​၏။#ဒံ 7:7။ 4သူ​၏​အမြီး​သည် ကောင်းကင်​ကြယ်​သုံးပုံတစ်ပုံ​ကို​ဆွဲ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​၏။#ဒံ 8:10။ ထို​နဂါး​သည် သားဖွား​တော့မည့်​အမျိုးသမီး​ရှေ့​၌​ရပ်​လျက် သားဖွား​သောအခါ သူ​၏​သား​ကို​ဝါးမျို​ရန်​စောင့်​နေ​၏။ 5ထို​အမျိုးသမီး​သည် လူမျိုး​အပေါင်း​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​ရ​မည့် သား​ယောက်ျား​ကို​ဖွားမြင်​၏။ ထို​သား​သည် ဘုရားသခင်​အထံ​တော်​သို့​လည်းကောင်း၊ ပလ္လင်​တော်​သို့​လည်းကောင်း ချီဆောင်​ခြင်း​ကို​ခံရ​၏။ 6ထို​အမျိုးသမီး​သည်​လည်း တော​ကန္တာရ​ထဲသို့ ထွက်ပြေး​လေ​၏။ ထို​အရပ်​၌ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် သူ့​ကို​ကြည့်ရှု​စောင့်ရှောက်​ရန် ဘုရားသခင်​ပြင်ဆင်​ထား​တော်မူ​သော နေရာ​တစ်​နေရာ​ရှိ​၏။
ကောင်းကင်ပြင်ပသို့ ပစ်ချခံရသောနဂါးကြီး
7ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်​လေ​၏။ မိက္ခေလ​နှင့်​သူ​၏​ကောင်းကင်​တမန်​တို့​သည် နဂါး​နှင့်​တိုက်ခိုက်​ကြ​၏။ နဂါး​နှင့်​သူ​၏​စေတမန်​တို့​သည် ပြန်လည်​တိုက်ခိုက်​ကြ​သော်လည်း 8အနိုင်​မ​ရ​ကြ။ ကောင်းကင်​၌​လည်း သူ​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။ 9ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။ 10ထို့နောက် ကောင်းကင်​မှ​ကျယ်လောင်​သော​အသံ​က “ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း၊ တန်ခိုး​တော်၊ နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ခရစ်တော်​၌​ရှိ​သော​အာဏာစက်​တို့​သည် ယခု​ပေါ်ထွန်း​လေ​ပြီ။ အကြောင်းမူကား ငါ​တို့​၏​ညီအစ်ကို​များ​ကို​စွပ်စွဲ​သော​သူ​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်စွဲ​သော​သူ​သည် ပစ်ချ​ခြင်း​ခံရ​လေ​ပြီ။ 11ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။ 12သို့ဖြစ်၍ ကောင်းကင်​နှင့် ကောင်းကင်​၌​စံမြန်း​သော​သူ​တို့၊ ပျော်ရွှင်​ကြ​လော့။ မြေကြီး​နှင့်​ပင်လယ်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် မာရ်နတ်​သည် သူ​၏​အချိန်​အနည်းငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်းစွာ​သော​ဒေါသ​ဖြင့် သင်​တို့​ထံသို့​ဆင်းလာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။
လိုက်လံညှဉ်းဆဲခြင်းခံရသောအမျိုးသမီး
13နဂါး​သည် မြေကြီး​ပေါ်သို့ ပစ်ချ​ခြင်း​ခံရ​သည်​ကို သိမြင်​သောအခါ သား​ယောက်ျား​ကို​ဖွားမြင်​သော​အမျိုးသမီး​အား လိုက်လံ​ညှဉ်းဆဲ​လေ​၏။ 14သို့သော် ထို​အမျိုးသမီး​သည် တော​ကန္တာရ​ထဲ​ရှိ မိမိ​၏​နေရာ​အရပ်​သို့ ပျံသန်း​သွား​နိုင်​ရန် ကြီးမား​သော​လင်းယုန်​၏​အတောင်​နှစ်​ခု​ကို​ရရှိ​၏။ သူ​သည် ထို​အရပ်​တွင် မြွေ​၏​ရှေ့မှောက်​မှ​လွတ်​၍ တစ်​ကာလ၊ နှစ်​ကာလ​နှင့် ကာလ​တစ်ဝက်​အတွင်း ပြုစု​စောင့်ရှောက်​ခြင်း​ကို​ခံရ​၏။#ဒံ 7:25၊ 12:7။ 15မြွေ​သည် ထို​အမျိုးသမီး​ကို ရေ​၌​မျောပါ​သွား​စေရန် သူ​၏​နောက်တွင် ရေ​ကို မြစ်​သဖွယ် မိမိ​ခံတွင်း​ထဲမှ မှုတ်​ထုတ်​လိုက်​၏။ 16သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို​ကူညီ​လေ​၏။ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျိုချ​လိုက်​၏။ 17ထိုအခါ နဂါး​သည် ထို​အမျိုးသမီး​အပေါ်​အမျက်ထွက်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​သော​သူ​များ​နှင့် ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​အမျိုးသမီး​၏​အမျိုးအနွယ်​ထဲမှ ကျန်ရှိ​သော​သူ​တို့​နှင့်​စစ်တိုက်​ရန် ထွက်သွား​ပြီး 18ပင်လယ်​၏​သဲ​သောင်ပြင်​ပေါ်တွင် ရပ်​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ