YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 80

80
ပြန်လည်တည်ဆောက်ပေးရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ “​နှင်းပန်း​” သံစဉ်​၊ အာသပ်​၏​သက်သေခံချက်​၊ ဆာလံ
1အစ္စရေး​၏​သိုးထိန်း​ဖြစ်​တော်မူ​၍ ယောသပ်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​သော​အရှင်​၊
စူးစိုက်​နားထောင်​တော်မူ​ပါ​။ ခေရုဗိမ်#80:1 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​အလယ်​၌ စံပယ်​တော်မူ​သော​အရှင်​၊
ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။
2ဧဖရိမ်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​နှင့် မနာရှေ​အမျိုးအနွယ်​တို့​ရှေ့​တွင်
ကိုယ်တော်​၏​အစွမ်းတန်ခိုး​ကို​နှိုးဆော်​၍ အကျွန်ုပ်​တို့​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပါ​။
3အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။
အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို
ထွန်းလင်း​စေ​တော်မူ​ပါ​။
4အို ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊
ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော့်​လူမျိုး​တော်​၏​ဆုတောင်း​ခြင်း​အပေါ်
မည်မျှ​ကြာ​အောင် တငွေ့ငွေ့​လောင်​တော်မူ​မည်နည်း​။
5ကိုယ်တော်​သည် သူ​တို့​အား မျက်ရည်​မုန့်​ကို​ကျွေး​တော်မူ​၏​။
များစွာ​သော​မျက်ရည်​တို့​ကို​လည်း တိုက်​တော်မူ​၏​။
6ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အိမ်နီးချင်း​တို့​အတွက် အငြင်းပွားစရာ​အကြောင်း​ဖြစ်​စေ​တော်မူ​၏​။
အကျွန်ုပ်​တို့​၏​ရန်သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။
7ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။
အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း
ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။
8ကိုယ်တော်​သည် စပျစ်ပင်​တစ်​ပင်​ကို အီဂျစ်​ပြည်​မှ​ဆောင်ယူ​ခဲ့​၍
လူမျိုးခြား​တို့​ကို​နှင်ထုတ်​ပြီးလျှင် ၎င်း​ကို စိုက်ပျိုး​တော်မူ​၏​။
9ထို​အပင်​အတွက် နေရာ​ကို​ရှင်းလင်း​ပေး​တော်မူ​သဖြင့်
၎င်း​သည် အမြစ်စွဲ​၍ ပြည်​တော်​၌​ပြန့်ပွား​ခဲ့​ပါ​၏​။
10ထို​အပင်​သည် တောင်​များ​ကို မိမိ​၏​အရိပ်​ဖြင့်​လည်းကောင်း​၊
မြင့်မား​သော​သစ်ကတိုးပင်​တို့​ကို မိမိ​၏​အကိုင်းအခက်​များ​ဖြင့်​လည်းကောင်း ဖုံးလွှမ်း​ခဲ့​ပါ​၏​။
11မိမိ​၏​အခက်အလက်​တို့​ကို ပင်လယ်​တိုင်အောင်​လည်းကောင်း​၊
မိမိ​၏​အညွန့်​တို့​ကို မြစ်ကြီး​တိုင်အောင်​လည်းကောင်း ဖြာထွက်​စေ​ပါ​၏​။
12ကိုယ်တော်​သည် အဘယ်ကြောင့် ၎င်း​၏​ခြံစည်းရိုး​တို့​ကို​ဖြိုဖျက်​တော်မူ​သနည်း​။
ယခုမှာမူ လမ်း​၌​ဖြတ်သွား​သော​သူ​အားလုံး​သည် ၎င်း​၏​အသီး​ကို​ဆွတ်ခူး​ကြ​ပါ​၏​။
13တော​ဝက်​သည် ထို​အပင်​ကို​ကိုက်ဖြတ်​၍
တော​သတ္တဝါ​တို့​သည်​လည်း ဝိုင်းဖွဲ့စား​ကြ​ပါ​၏​။
14ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​၊ ပြန်ကြွလာ​တော်မူ​ပါ​။
ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​၍ ရှုမြင်​တော်မူ​ပါ​။
15ဤ​စပျစ်ပင်​တည်းဟူသော လက်ယာ​လက်​တော်​ဖြင့် စိုက်ပျိုး​ထား​သော​မျိုးခံပင်​၊
ကိုယ်တော်တိုင်​အတွက် သန်မာ​စေ​သော​ပျိုးပင်​ကို အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။
16ထို​အပင်​သည် မီး​ရှို့​ခြင်း​၊ ခုတ်လှဲ​ခြင်း​ခံရ​ပါ​ပြီ​။
သူ​တို့​သည် ရှေ့​တော်​၌ ဆုံးမ​ခြင်း​ခံရ​၍ ပျက်စီး​ကြ​ရ​ပါ​၏​။
17ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌​ရှိ​သော​လူ​တည်းဟူသော
ကိုယ်တော်တိုင်​အတွက် ကြံ့ခိုင်​စေ​တော်မူ​သော လူ့​သား​အပေါ် တည်​ပါစေသော​။
18သို့ပြုလျှင် အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ကျောခိုင်း​သွား​ကြ​တော့​မည်​မ​ဟုတ်​ပါ​။
အကျွန်ုပ်​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​ပါ​။
ထိုအခါ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​ကြ​ပါ​မည်​။
19ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။
အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း
ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 80: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ