YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 79

79
ရှုပ်ထွေးခြင်းကြားမှ ယုံကြည်ခြင်း
အာသပ်​၏​ဆာလံ
1အို ဘုရားသခင်​၊ လူမျိုးခြား​တို့​သည် ကိုယ်တော်​၏​အမွေ​တော်​ထဲသို့ ဝင်ရောက်​လာ​၍
ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ကို ညစ်ညူး​စေ​ကြ​ပါ​ပြီ​။
ဂျေရုဆလင်​မြို့​ကို​လည်း အပြိုအပျက်ပုံ​ဖြစ်​စေ​ကြ​ပါ​ပြီ​။
2သူ​တို့​သည် ကိုယ်တော့်​အစေအပါး​တို့​၏ အလောင်း​များ​ကို
မိုးကောင်းကင်​ငှက်​တို့​အား​လည်းကောင်း​၊ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​၏​အသား​ကို
တောရိုင်းတိရစ္ဆာန်​တို့​အား​လည်းကောင်း စားစရာ​အဖြစ်​ပေး​ကြ​ပါ​ပြီ​။
3ထို​သူ​တို့​၏​သွေး​ကို​လည်း ဂျေရုဆလင်​မြို့​ပတ်လည်​တွင် ရေ​ကဲ့သို့​သွန်း​ကြ​ပါ​ပြီ​။
သူ​တို့​ကို​သင်္ဂြိုဟ်​မည့်​သူ​လည်း မ​ရှိ​ပါ​။
4အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏ အိမ်နီးချင်း​များ ကဲ့ရဲ့ပြစ်တင်စရာ​၊
အကျွန်ုပ်​တို့​၏​ပတ်လည်​၌​ရှိ​သော​သူ​များ
အထင်အမြင်သေးစရာ​၊ ပြက်ရယ်ပြုစရာ​ဖြစ်​ကြ​ပါ​ပြီ​။
5အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။
ကိုယ်တော်​သည် အစဉ် အမျက်ထွက်​တော်မူ​မည်လော​။
ကိုယ်တော်​၏​သဝန်တို​ခြင်း​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​မည်လော​။
6ကိုယ်တော်​ကို​မ​သိ​သော လူမျိုး​တို့​အပေါ်​သို့​လည်းကောင်း​၊
ကိုယ်တော်​၏​နာမ​တော်​ကို တသခေါ်ဆို​ခြင်း​မ​ပြု​သော တိုင်းနိုင်ငံ​တို့​အပေါ်​သို့​လည်းကောင်း
ကိုယ်တော်​၏​အမျက်ဒေါသ​ကို သွန်းလောင်း​တော်မူ​ပါ​။
7အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍
သူ​၏​မှီတင်း​နေထိုင်​ရာ​အရပ်​ကို ဖျက်ဆီး​ကြ​ပါ​ပြီ​။
8ယခင်​က​ဒုစရိုက်​များ​ကို အကျွန်ုပ်​တို့​အပေါ်​မှတ်​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​တို့​သည် အခြေအနေ အလွန်​နိမ့်ပါး​လျက်​ရှိ​သည်​ဖြစ်၍
ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည် အကျွန်ုပ်​တို့​ကို​ကြိုဆို​ရန်
အလျင်အမြန်​ရောက်လာ​ပါစေသော​။
9အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊
ကိုယ်တော့်​နာမ​တော်​၏​ဘုန်းအသရေ​တော်​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။
ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို​ကယ်နုတ်​ပြီး
အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​ပါ​။
10လူမျိုးခြား​တို့​က “​သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု
အဘယ်ကြောင့်​ပြောဆို​ရ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​တို့ သွေးမြေကျ​ရ​ခြင်း​အတွက်
လက်တုံ့ပြန်​တော်မူ​ကြောင်း​ကို အကျွန်ုပ်​တို့​မျက်စိ​ရှေ့​တွင် လူမျိုးခြား​တို့​သိမြင်​ကြ​ပါစေသော​။
11အချုပ်အနှောင်​ခံရ​သော​သူ​၏​ညည်းတွားသံ​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​ရောက်​ပါစေသော​။
သေဘေး​ရင်ဆိုင်​နေ​ရ​သော​သူ​တို့​ကို ကိုယ်တော်​၏​တန်ခိုးကြီး​သော လက်ရုံး​တော်​အားဖြင့်
အသက်ချမ်းသာ​ရာ​ရ​စေ​တော်မူ​ပါ​။
12အို ဘုရားရှင်​၊ အကျွန်ုပ်​တို့​၏​အိမ်နီးချင်း​တို့​သည် ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​ကြ​သည်​ဖြစ်၍
သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို သူ​တို့​ရင်ခွင်​ထဲသို့ ခုနစ်ဆ​ပြန်ပေး​တော်မူ​ပါ​။
13ထိုအခါ ကိုယ်တော်​၏​လူမျိုး​တော်​နှင့် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​ဖြစ်​သော
အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ချီးမွမ်း​၍ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို
မျိုးဆက်​အစဉ်အဆက်​ပြောကြား​ကြ​ပါ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 79: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ