YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 56

56
ကယ်မတော်မူရန် ဘုရားသခင်ထံတောင်းလျှောက်ခြင်း
ဂီတမှူး​အတွက်​၊ “​ဝေး​သော​အရပ်​၌ တိတ်ဆိတ်​နေ​သော​ချိုးငှက်​” သံစဉ်​၊ ဖိလိတ္တိ​လူမျိုး​တို့​သည် ဒါဝိဒ်​ကို ဂါသ​မြို့​တွင်​ဖမ်းဆီး​ကြ​သောအခါ ဒါဝိဒ်​စပ်ဆို​သော​မိတ္တမ်​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
အကြောင်းမူကား လူ​တို့​သည် အကျွန်ုပ်​ကို​နင်းချေ​၍ တစ်နေ့လုံး​တိုက်ခိုက်​ညှဉ်းဆဲ​ကြ​ပါ​၏​။
2အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို တစ်နေ့လုံး​နင်းချေ​ကြ​ပါ​၏​။
အမှန်စင်စစ် များစွာ​သော​သူ​တို့​သည် ထောင်လွှား​သော​စိတ်​ဖြင့် အကျွန်ုပ်​ကို​တိုက်ခိုက်​ကြ​ပါ​၏​။
3အကျွန်ုပ်​သည် ကြောက်ရွံ့​သောအခါ
ကိုယ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။
4ဘုရားသခင်​ကို​အမှီပြု​၍ နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။
ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။
လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။#ဆာ 56:11၊ 118:6၊ ဟေဗြဲ 13:6။
5သူ​တို့​သည် ငါ​၏​စကား​တို့​ကို တစ်နေ့လုံး လိုရာဆွဲ​၍ မမှန်မကန်​ပြောဆို​ကြ​၏​။
သူ​တို့​၏​အကြံအစည်​ရှိသမျှ​တို့​သည် ငါ့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေရန်​ဖြစ်​၏​။
6သူ​တို့​သည် ငါ့​အသက်​ကို​သတ်​ရန် စောင့်မျှော်​နေ​ကြ​သည်​နှင့်အညီ
ပူးပေါင်းကြံစည်​လျက်​၊ ချောင်းမြောင်း​လျက် ငါ​၏​ခြေလှမ်း​များ​ကို​စောင့်ကြည့်​ကြ​၏​။
7သူ​တို့​သည် ထို​အပြစ်ဒုစရိုက်​နှင့်​ပင် လွတ်မြောက်​ကြ​မည်လော​။
အို ဘုရားသခင်​၊ အမျက်​တော်​အားဖြင့် လူမျိုး​တို့​ကို နိမ့်ကျ​စေ​တော်မူ​ပါ​။
8အကျွန်ုပ်​၏​လှည့်လည်​သွားလာ​နေ​ရ​ခြင်း​ကို ကိုယ်တော်​မှတ်တမ်းတင်​တော်မူ​ပြီ​။
အကျွန်ုပ်​၏​မျက်ရည်​တို့​ကို ကိုယ်တော်​၏​သားရေဘူး​ထဲ၌​ထည့်​ထား​တော်မူ​ပါ​။
၎င်း​တို့​သည် ကိုယ်တော်​၏​မှတ်တမ်း​ထဲတွင် ရှိ​ကြ​သည်​မ​ဟုတ်​လော​။
9သို့ဖြစ်၍ ကိုယ်တော်​ကို ငါ​ခေါ်​သော​နေ့​၌ ငါ​၏​ရန်သူ​တို့​သည် နောက်ပြန်ဆုတ်​ကြ​လိမ့်မည်​။
ဤ​အမှု​အားဖြင့် ဘုရားသခင်​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​သည်​ကို ငါ​သိ​၏​။
10ဘုရားသခင်​အားဖြင့် နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။
ထာဝရဘုရား​အားဖြင့် နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။
11ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။
လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။#ဆာ 56:4၊ 118:6၊ ဟေဗြဲ 13:6။
12အို ဘုရားသခင်​၊ ကိုယ်တော့်​ထံ​ပြု​ထား​သော​ကတိသစ္စာ​များ​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​အား ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ၎င်း​ကို​ပြည့်စုံ​စေ​ပါ​မည်​။
13အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​တော်မူ​ပြီ​။
အကျွန်ုပ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အသက်​၏​အလင်း​ထဲတွင် လျှောက်လှမ်း​နိုင်​ရန်
အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​နှင့် ကင်း​စေ​တော်မူ​သည်​မ​ဟုတ်​လော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 56: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ