ဆာလံကျမ်း 42
42
အပိုင်း (၂)
ဆာလံကျမ်း ၄၂-၇၂
ဘုရားသခင်ကို တောင့်တခြင်း
ဂီတမှူးအတွက်၊ ကောရသားတို့၏အလိမ္မာသီချင်း
1သမင်ဒရယ်သည် ရေစီးသောချောင်းတို့ကိုတောင့်တသကဲ့သို့
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏ဘုရား။
2ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ဆာငတ်၏။
ငါသည် မည်သည့်အချိန်မှလာ၍ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရမည်နည်း။
3လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ
ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
4ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။
အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ
ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့်
ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
5အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။
ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။
ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။
6အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။
ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်မြစ်ဝှမ်းနှင့် ဟေရမုန်တောင်ရိုးတို့မှလည်းကောင်း၊
မိဇရတောင်မှလည်းကောင်း ကိုယ်တော်ကိုအောက်မေ့ပါ၏။
7ကိုယ်တော်၏ရေတံခွန်တို့မြည်ဟည်းသံဖြင့် နက်ရှိုင်းရာအရပ်သည် နက်ရှိုင်းရာအရပ်ကိုဟစ်ခေါ်ပါ၏။
ကိုယ်တော်၏လှိုင်းလုံးများနှင့် လှိုင်းတံပိုးအပေါင်းတို့သည် အကျွန်ုပ်အပေါ်လွှမ်းမိုးသွားကြပါ၏။
8ထာဝရဘုရားသည် နေ့အချိန်၌ မိမိ၏မေတ္တာကရုဏာတော်ကို ပြတော်မူသည်ဖြစ်၍
ညအချိန်၌ ငါ့အသက်၏အရှင်၊ ဘုရားသခင်ထံ ငါဆုတောင်း၏။
ကိုယ်တော်အား ချီးမွမ်းသောသီချင်းကို ငါသီဆို၏။
9ငါ၏ကျောက်ဖြစ်တော်မူသောဘုရားသခင်အား “အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။
အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း”ဟု ငါလျှောက်၏။
10ငါ၏ရန်သူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု
ငါ့ကိုတစ်နေ့လုံး ပြောဆိုလျက် ငါ၏အရိုးကွဲလုမတတ် ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
11အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။
ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။
ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊
ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်#42:11 အချို့မူရင်းကျမ်းတွင် အခန်းကြီး (42) နှင့် (43)သည် တစ်ဆက်တည်းဖြစ်သည်။။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 42: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative