ဆာလံကျမ်း 35
35
အောင်ပွဲရရန် ဆုတောင်းခြင်း
ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။
အကျွန်ုပ်ကိုတိုက်ခိုက်သောသူတို့ကို တိုက်ခိုက်တော်မူပါ။
2ဒိုင်းလွှား၊ ဒိုင်းကာကိုကိုင်ဆောင်၍
အကျွန်ုပ်ကိုကူညီမစရန် ထတော်မူပါ။
3လှံနှင့်အဲမောင်းကိုလည်းဆွဲယူ၍ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို ရင်ဆိုင်တော်မူပါ။
“ငါသည် သင့်ကိုကယ်တင်သောသူဖြစ်သည်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်အား မိန့်တော်မူပါ။
4အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။
အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
5ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုမောင်းထုတ်၍
သူတို့သည် လေထဲလွင့်ပါသွားသောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။
6ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုလိုက်လံ၍
သူတို့လမ်းသည် မှောင်လျက်ချော်ပါစေသော။
7အကြောင်းမူကား သူတို့သည် အကြောင်းမဲ့ အကျွန်ုပ်အတွက် ပိုက်ကွန်ကို လျှို့ဝှက်စွာထောင်ထားကြ၏။
အကြောင်းမဲ့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဖမ်းမိရန် တွင်းကိုတူးကြ၏။
8ပျက်စီးဆုံးပါးခြင်းသည် ထိုသို့သောသူအပေါ် အမှတ်မထင်ကျရောက်ပါစေသော။
သူလျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးပါးခြင်းထဲသို့ပင် ကျရောက်ပါစေသော။
9ထိုအခါ ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ရွှင်လန်း၍
ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်မြူးလိမ့်မည်။
10အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။
ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။
အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
11ရက်စက်ကြမ်းကြုတ်သောသက်သေတို့သည် ထကြ၍
ငါမသိသောအရာများကို ငါ့အားမေးမြန်းကြ၏။
12သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍
ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
13ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။
ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
14ငါသည် ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုအတွက်ကဲ့သို့ ကြေကွဲလျက်
မိခင်အတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခေါင်းငိုက်စိုက်ချ၍ ဝမ်းနည်းပူဆွေးခဲ့၏။
15သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။
ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။
သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
16ပွဲ၌လှောင်ပြောင်ကဲ့ရဲ့တတ်သော ဘုရားတရားမဲ့သူများကဲ့သို့
သူတို့သည် ငါ့ကိုကြည့်လျက် အံကြိတ်ကြ၏။
17အို ဘုရားရှင်၊ ကိုယ်တော်သည် မည်မျှကြာအောင် ကြည့်လျက်နေတော်မူမည်နည်း။
အကျွန်ုပ်၏အသက်ကို သူတို့၏ဖျက်ဆီးခြင်းဘေးမှလည်းကောင်း၊
အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခြင်္သေ့ပျိုတို့၏ဘေးမှလည်းကောင်း ကယ်မတော်မူပါ။
18ထိုအခါ အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။
လူထုပရိသတ်ကြီးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
19လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။#ဆာ 69:4၊ ယော 15:25။
အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
20အကြောင်းမူကား သူတို့သည် ငြိမ်းချမ်းရေးစကားကိုမပြောဘဲ အေးချမ်းစွာနေထိုင်သောပြည်သားတို့တစ်ဖက်၌
လိမ်လည်လှည့်ဖြားသောစကားတို့ကို လုပ်ကြံပြောဆိုကြပါ၏။
21သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ
“ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။
22အို ထာဝရဘုရား၊ ကိုယ်တော်မြင်တော်မူပါ၏။ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။
အို ဘုရားရှင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
23အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့်
အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
24အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်အညီ
အကျွန်ုပ်၌အပြစ်မရှိကြောင်းစီရင်တော်မူပါ။
သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။
25သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ “ဟားဟား၊ ငါတို့အလိုပြည့်စုံပြီ”ဟု အောက်မေ့ခွင့်မရကြပါစေနှင့်။
“သူ့ကို ငါတို့ဝါးမျိုပြီ”ဟု ပြောဆိုခွင့်မရကြပါစေနှင့်။
26အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့်
အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
27အကျွန်ုပ်၏ဖြောင့်မတ်ခြင်းကို နှစ်သက်သောသူတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
“မိမိအစေအပါး၏ကောင်းစားခြင်းကို နှစ်သက်တော်မူသောထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု
သူတို့သည် အစဉ်မပြတ်မြွက်ဆိုကြပါစေသော။
28ထိုအခါ အကျွန်ုပ်၏နှုတ်#35:28 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာ”။သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်
ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 35: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative