YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 19:7-14

ဆာလံကျမ်း 19:7-14 MSBU

ထာဝရဘုရား​၏​တရားတော်​သည် ပြည့်ဝစုံလင်​၍ စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​၏​။ ထာဝရဘုရား​၏​သက်သေခံချက်​သည် ယုံကြည်​စိတ်ချ​ရ​၍ အသိပညာ​နည်းပါး​သော​သူ​တို့​ကို ပညာရှိ​စေ​၏​။ ထာဝရဘုရား​၏​ဥပဒေသ​တို့​သည် ဖြောင့်မှန်​၍ စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​၏​။ ထာဝရဘုရား​၏​ပညတ်တော်​သည် သန့်ရှင်း​၍ မျက်စိ​ကို​အလင်းပေး​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် စင်ကြယ်​၍ ထာဝရ​တည်​၏​။ ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် မှန်ကန်​၍ တညီတညွတ်တည်း​ဖြောင့်မတ်​ကြ​၏​။ ၎င်း​တို့​သည် ရွှေ​ထက်​မက များစွာ​သော​ရွှေစင်​ထက်​ပင် နှစ်လိုဖွယ်​ဖြစ်​ပြီး ပျားရည်​ထက်​မက ပျားလပို့​မှ​ပျားရည်​ထက်ပင် ချိုမြိန်​၏​။ ၎င်း​တို့​အားဖြင့် ကိုယ်တော်​၏​အစေအပါး​သည် သတိပေး​ခြင်း​ကို​ခံရ​ပါ​၏​။ ၎င်း​တို့​ကို​စောင့်ထိန်း​ခြင်း​အကျိုး​သည် ကြီးမား​လှ​ပါ​၏​။ မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။ ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ကို တမင်​ကျူးလွန်​သော​အပြစ်​များ​နှင့်​လည်း ကင်းဝေး​စေ​တော်မူ​ပါ​။ ထို​အပြစ်​များ​သည် အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။ သို့မှသာ အကျွန်ုပ်​သည် အပြစ်ကင်း​၍ ကြီးမား​သော​အပြစ်​ကျူးလွန်​ခြင်း​နှင့် ကင်းလွတ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​၏​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​သော​အရှင် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​များ​နှင့် အကျွန်ုပ်​စိတ်နှလုံး​၏​အတွေးအကြံ​သည် ရှေ့​တော်​၌​နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။