YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 147:1-20

ဆာလံကျမ်း 147:1-20 MSBU

ဟာလေလုယ​။ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ခြင်း​သည် အမှန်ပင်​ကောင်းမြတ်​ပေ​၏​။ ကိုယ်တော်​ကို​ချီးမွမ်း​ခြင်း​သည် သင့်လျော်​၍ အမှန်ပင်​နှစ်လို​ဖွယ်​ကောင်း​၏​။ ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့​ကို တည်ဆောက်​၍ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​ကို စုဝေး​စေ​တော်မူ​၏​။ ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် ကြယ်​တို့​၏​အရေအတွက်​ကို သတ်မှတ်​၍ ၎င်း​တို့​အားလုံး​ကို အမည်​ပေး​တော်မူ​၏​။ ငါ​တို့​၏​အရှင်​သည် ကြီးမြတ်​တော်မူ​၏​။ တန်ခိုး​တော်​လည်း ကြီးမား​တော်မူ​၏​။ ကိုယ်တော်​၏​ထိုးထွင်းဉာဏ်​သည် အနန္တ​ဖြစ်​၏​။ ထာဝရဘုရား​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​ကို မြေပြင်​အထိ​နိမ့်ကျ​စေ​တော်မူ​၏​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ထာဝရဘုရား​ထံ တေးဖွဲ့​သီဆို​ကြ​လော့​။ စောင်း​တီး​၍ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​သည် ကောင်းကင်​ကို​တိမ်တိုက်​များ​ဖြင့် ဖုံးလွှမ်း​လျက် မြေကြီး​အတွက် မိုးရေ​ကို​ပြင်ဆင်​၍ တောင်​များ​ပေါ်၌ မြက်ပင်​ကို​ပေါက်​စေ​တော်မူ​၏​။ တိရစ္ဆာန်​မှစ၍ အော်မြည်​သော ကျီးကန်း​ကလေး​တို့​အား အစာ​ကို​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မြင်း​၏​ခွန်အား​ကို အလိုရှိ​တော်​မ​မူ​။ လူ​၏​ခြေ​တို့​ကို နှစ်သက်​တော်​မ​မူ​။ ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​များ​နှင့် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​များ​ကို နှစ်သက်​တော်မူ​၏​။ အို ဂျေရုဆလင်​၊ ထာဝရဘုရား​ကို​ထောမနာပြု​လော့​။ အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​ကို​ချီးမွမ်း​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​မြို့​တံခါး​ကန့်လန့်ကျင်​တို့​ကို ခိုင်ခံ့​စေ​၍ သင့်​အထဲ​၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို ကောင်းချီးပေး​တော်မူ​၏​။ ကိုယ်တော်​သည် သင်​၏​နယ်နိမိတ်​ထဲ၌ ငြိမ်းချမ်းမှု​ရှိ​စေ​၍ အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် သင့်​ကို​ဝပြော​စေ​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​၏​မိန့်​တော်မူ​ချက်​ကို ကမ္ဘာမြေကြီး​ပေါ်သို့ စေလွှတ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် လျင်မြန်​စွာ​ပြေး​တတ်​၏​။ ကိုယ်တော်​သည် နှင်းပွင့်​ကို သိုးမွေး​ကဲ့သို့​ချထား​တော်မူ​၏​။ နှင်းခဲ​ကို ပြာ​ကဲ့သို့​ပြန့်ကြဲ​စေ​တော်မူ​၏​။ မိမိ​၏​မိုးသီး​ကို မုန့်အစအန​များ​ကဲ့သို့ ပစ်ချ​တော်မူ​၏​။ ကိုယ်တော်​ချမ်းအေး​စေ​တော်မူ​ခြင်း​ကို မည်သူ​ခံနိုင်​မည်နည်း​။ ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ ၎င်း​တို့​ကို အရည်ပျော်​စေ​တော်မူ​၏​။ မိမိ​၏​လေ​ကို​တိုက်​စေ​တော်မူ​သောအခါ ရေ​တို့​သည် စီးဆင်း​ကြ​၏​။ ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ မိမိ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း ဖွင့်ပြ​တော်မူ​၏​။ ကိုယ်တော်​သည် မည်သည့် လူမျိုးခြား​၌​မျှ ဤကဲ့သို့​ပြု​တော်​မ​မူ​ခဲ့​ပေ​။ ထို​လူမျိုးခြား​တို့​သည် ကိုယ်တော်​၏ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​သိ​ကြ​ပေ​။ ဟာလေလုယ​။