YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 139

139
အနန္တတန်ခိုးနှင့်ပြည့်စုံသောဘုရားသခင်
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကိုယ်တော်​သည်
အကျွန်ုပ်​ကို စစ်ကြော​၍ သိ​တော်မူ​၏​။
2အကျွန်ုပ်​၏​ထိုင်​ခြင်း​နှင့် ထ​ခြင်း​ကို သိ​တော်မူ​၏​။
အကျွန်ုပ်​၏​အတွေးအကြံ​ကို အဝေး​ကပင် သိနားလည်​တော်မူ​၏​။
3အကျွန်ုပ်​၏​သွားလာ​ခြင်း​နှင့် အိပ်စက်နားနေ​ခြင်း​ကို ခွဲခြား​သိမြင်​တော်မူ​၏​။
အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​နှင့်​လည်း ကျွမ်းဝင်​တော်မူ​၏​။
4အကျွန်ုပ်​၏​နှုတ်​၌ စကား​တစ်​ခွန်း​မျှ​မ​ရှိ​သော်လည်း
အို ထာဝရဘုရား​၊ ထို​စကား​အလုံးစုံ​တို့​ကို ကိုယ်တော်​သိ​တော်မူ​၏​။
5ကိုယ်တော်​သည် အကျွန်ုပ်​ကို ရှေ့​နောက်​မှ​ကာဆီး​ပေး​၍
အကျွန်ုပ်​အပေါ်​၌ လက်​တော်​ကို​တင်​တော်မူ​၏​။
6ထိုသို့သော​အသိပညာ​သည် အကျွန်ုပ်​အတွက်​အံ့ဩဖွယ်​ကောင်း​လွန်း​ပါ​၏​။
မြင့်မား​လှ​သည်​ဖြစ်၍ အကျွန်ုပ်​မ​မီ​နိုင်​ပါ​။
7ကိုယ်တော်​၏​ဝိညာဉ်​တော်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​သွား​နိုင်​ပါ​မည်နည်း​။
ကိုယ်တော်​၏​ရှေ့​တော်​မှောက်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​ထွက်ပြေး​နိုင်​ပါ​မည်နည်း​။
8အကျွန်ုပ်​သည် ကောင်းကင်​သို့​တက်​လျှင် ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။
မရဏာနိုင်ငံ​၌​အိပ်ရာခင်း​လျှင်​လည်း ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။
9အရုဏ်ဦး​၏​တောင်ပံ​တို့​ကို​ဆောင်ယူ​လျက်
သမုဒ္ဒရာ​၏​အစွန်အဖျား​၌ နေထိုင်​လျှင်​လည်း
10ထို​အရပ်​၌ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ပို့ဆောင်​လျက်​၊
ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဆွဲကိုင်​လျက်​ရှိ​ပါ​လိမ့်မည်​။
11“​အကယ်စင်စစ် အမှောင်​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​၍
အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​အလင်း​သည် ည​ဖြစ်သွား​လိမ့်မည်​”​ဟု အကျွန်ုပ်​ဆို​လျှင်​လည်း
12ကိုယ်တော်​အတွက် အမှောင်​သည် မ​မှောင်​ပါ​။
ည​သည် နေ့​ကဲ့သို့​လင်း​ပါ​၏​။
မှောင်မည်း​ခြင်း​သည်​လည်း အလင်း​ကဲ့သို့​ဖြစ်​ပါ​၏​။
13အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​အတွင်းပိုင်း​တို့​ကို ဖန်ဆင်း​၍
အမိ​ဝမ်းတွင်း​၌ အကျွန်ုပ်​ကို​ဆက်စပ်​ဖွဲ့စည်း​တော်မူ​၏​။
14အကျွန်ုပ်​ကို ကြောက်ရွံ့​အံ့ဩဖွယ်​ကောင်း​သော လက္ခဏာ​တို့​ဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍
ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩဖွယ်​ဖြစ်ကြောင်း​ကို
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကောင်း​စွာ​သိ​ပါ​၏​။
15အကျွန်ုပ်​ကို မထင်ရှား​သော​အရပ်​၌ ဖန်ဆင်း​၍
မြေကြီး​၏​နက်သောအရပ်​၌ ယှက်ဖွဲ့​တော်မူ​သောအခါ
အကျွန်ုပ်​၏​ကိုယ်ထည်​အကြမ်း​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကွယ်ဝှက်​၍​မ​နေ​ပါ​။
16ကိုယ်တော်​၏​မျက်စိ​တော်​သည် ရုပ်လုံး​မ​ပေါ်​သေး​သော​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ကို မြင်​တော်မူ​၏​။
အကျွန်ုပ်​အတွက် စီမံ​ထား​သော​နေ့ရက်​များ တစ်​ရက်​မျှ​မ​ရှိ​မီ​ကပင်
၎င်း​တို့​ကို ကိုယ်တော်​၏​စာစောင်​၌ အကုန်အစင်​ရေးသား​ထား​ပြီး​ဖြစ်​ပါ​၏​။
17အို ဘုရားသခင်​၊ ကိုယ်တော်​၏​အတွေးအကြံ​တို့​သည် အကျွန်ုပ်​အတွက် တန်ဖိုးကြီး​လှ​ပါ​၏​။
၎င်း​တို့​အားလုံး​၏​ပမာဏ​သည် များပြား​လှ​ပါ​၏​။
18ထို​အတွေးအကြံ​တို့​ကို ရေတွက်​မည်​ဆို​လျှင် သဲပွင့်​များ​ထက်မက များပြား​ကြ​ပါ​လိမ့်မည်​။
အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​နှင့်အတူ ဆက်၍​ရှိ​နေ​ဦး​မည်​။
19အို ဘုရားသခင်​၊ ဆိုးယုတ်​သော​သူ​တို့​ကို ကိုယ်တော် ကွပ်မျက်​တော်မူ​လျှင် ကောင်း​ပေ​လိမ့်မည်​။
သွေးဆာ​သော​သူ​တို့​၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့​။
20ထို​သူ​တို့​သည် ကောက်ကျစ်​သော​သဘော​ဖြင့် ကိုယ်တော်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။
ကိုယ်တော်​၏​ရန်သူ​တို့​သည် နာမ​တော်​ကို​အလွဲသုံးစား​ပြု​ကြ​ပါ​၏​။
21အို ထာဝရဘုရား​၊ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​သည်​မ​ဟုတ်​လော​။
ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို​လည်း အကျွန်ုပ် စက်ဆုပ်​သည်​မ​ဟုတ်​လော​။
22အကျွန်ုပ်​သည် သူ​တို့​ကို​အမုန်းကြီး​မုန်း​ပါ​၏​။
အကျွန်ုပ်​၏​ရန်သူ​များ​အဖြစ် မှတ်ယူ​ပါ​၏​။
23အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​စစ်ကြော​၍ အကျွန်ုပ်​၏​စိတ်နှလုံး​ကို သိမြင်​တော်မူ​ပါ​။
အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​၏​စိုးရိမ်ပူပန်မှု​တို့​ကို သိမြင်​တော်မူ​ပါ​။
24အကျွန်ုပ်​သည် မှားယွင်း​သော​လမ်း​သို့​လိုက်​သည်​၊ မ​လိုက်​သည်​ကို ကြည့်ရှု​၍
အကျွန်ုပ်​ကို ထာဝရ​လမ်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 139: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။