ဆာလံကျမ်း 135
135
ကြီးမြတ်တော်မူသောထာဝရဘုရား
1ဟာလေလုယ။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။
ထာဝရဘုရား၏အစေအပါးတို့၊
2ထာဝရဘုရား၏အိမ်တော်၌လည်းကောင်း၊
ငါတို့ဘုရားသခင်၏အိမ်တော်တံတိုင်း၌လည်းကောင်း
အမှုထမ်းကြသော ထာဝရဘုရား၏အစေအပါးတို့၊
ကိုယ်တော်ကိုချီးမွမ်းကြလော့။
3ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်ဖြစ်၍
ထာဝရဘုရားကို ချီးမွမ်းကြလော့။
ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။
အကြောင်းမူကား ထိုသို့ပြုခြင်းသည် နှစ်လိုဖွယ်ကောင်း၏။
4အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊
အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
5အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူကြောင်း၊
ငါတို့၏အရှင်သည် ဘုရားတကာတို့ထက် မြင့်မြတ်တော်မူကြောင်းကို ငါသိ၏။
6ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊
ပင်လယ်နှင့်နက်ရှိုင်းရာအရပ်ရှိသမျှတို့၌လည်းကောင်း
အလိုတော်ရှိသောအရာအားလုံးကို ပြုတော်မူ၏။
7ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍
မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
8ကိုယ်တော်သည် အီဂျစ်ပြည်တွင် လူမှစ၍တိရစ္ဆာန်တိုင်အောင်
သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
9အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို
သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
10ကိုယ်တော်သည် များစွာသောလူမျိုးကို ဒဏ်ခတ်လျက်
အင်အားကြီးသောရှင်ဘုရင်တို့ကို ကွပ်မျက်တော်မူ၏။
11၎င်းတို့တွင် အာမောရိဘုရင် ရှိဟုန်၊
ဗာရှန်ဘုရင် ဩဃနှင့် ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ပါ၏။
12ထို့နောက် ထိုသူတို့၏ပြည်ကို အမွေအဖြစ်၊
မိမိ၏လူမျိုးတော်အစ္စရေးအတွက် အမွေအဖြစ်ပေးတော်မူ၏။
13အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် အစဉ်အမြဲတည်ပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
14အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုစစ်ကြောစီရင်၍
မိမိ၏အစေအပါးတို့အပေါ် သနားကရုဏာထားတော်မူ၏။
15လူမျိုးခြားတို့၏ရုပ်တုများသည် ရွှေငွေများဖြစ်ကြ၏။
လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
16၎င်းတို့သည် နှုတ်ရှိသော်လည်း စကားမပြောနိုင်ကြ။
မျက်စိရှိသော်လည်း မမြင်နိုင်ကြ။
17နားရှိသော်လည်း မကြားနိုင်ကြ။#ဆာ 115:6၊ ဗျာ 9:20။
၎င်းတို့၏ပါးစပ်၌လည်း ထွက်သက်ဝင်သက်မရှိ။
18၎င်းတို့ကို ပြုလုပ်သောသူနှင့် ယုံကြည်ကိုးစားသောသူအပေါင်းတို့သည်
၎င်းတို့ကဲ့သို့ဖြစ်လာကြလိမ့်မည်။
19အို အစ္စရေးအမျိုးအနွယ်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
အို အာရုန်၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
20အို လေဝိ၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
21ဂျေရုဆလင်မြို့တွင် ကိန်းဝပ်တော်မူသောထာဝရဘုရားသည်
ဇိအုန်၌ မင်္ဂလာရှိတော်မူ၏။
ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 135: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative