YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 104:24-31

ဆာလံကျမ်း 104:24-31 MSBU

အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အလွန်​များပြား​လှ​ပါ​၏​။ ကိုယ်တော်​သည် ထို​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ဖန်ဆင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ဖန်ဆင်း​သော အရာ​များ​ဖြင့် ပြည့်နှက်​လျက်​ရှိ​ပါ​၏​။ ထို​နေရာ​၌ ကြီးမား​ကျယ်ဝန်း​သည့် ပင်လယ်​ရှိ​၍ ၎င်း​တွင် တွားသွားသတ္တဝါ​များ​နှင့် မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များ​သော သက်ရှိသတ္တဝါ​အကြီး​အငယ်​တို့​ရှိ​ကြ​ပါ​၏​။ သင်္ဘော​များ​သည်​လည်း ထို​ပင်လယ်​၌ သွားလာ​ကြ​ပြီး ၎င်း​ထဲ၌ ပျော်မြူး​စေရန် ကိုယ်တော်​ပုံဖော်ဖန်ဆင်း​ထား​သော လဝိသန်​လည်း​ရှိ​ပါ​၏​။ ထို​သတ္တဝါ​အပေါင်း​တို့​သည် အချိန်တန်​လျှင် သူ​တို့​ကို​အစာ​ကျွေး​တော်မူ​ရန် ကိုယ်တော်​ကို စောင့်မျှော်​နေ​ကြ​ပါ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို​ပေး​တော်မူ​သောအခါ သူ​တို့​သည် စုသိမ်း​ရ​ကြ​ပါ​၏​။ လက်​တော်​ကို​ဖွင့်​တော်မူ​သောအခါ သူ​တို့​သည် ကောင်း​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​ပါ​၏​။ မျက်နှာ​လွှဲ​တော်မူ​သောအခါ သူ​တို့​သည် ထိတ်လန့်​ကြ​ပါ​၏​။ သူ​တို့​၏​အသက်​ကို ရုပ်သိမ်း​တော်မူ​သောအခါ သူ​တို့​သည်​သေ​၍ မိမိ​တို့​ဖြစ်လာ​ရာ မြေမှုန့်​သို့​ပြန်သွား​ကြ​ပါ​၏​။ ဝိညာဉ်​တော်​ကို စေလွှတ်​တော်မူ​သောအခါ သူ​တို့​သည် ဖန်ဆင်း​ခြင်း​ခံရ​ကြ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​မျက်နှာပြင်​ကို​လည်း အသစ်ပြုပြင်​တော်မူ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အစဉ်အမြဲ​တည်ရှိ​ပါစေသော​။ ထာဝရဘုရား​သည် မိမိ​ပြု​တော်မူ​သော အမှု​များ​အတွက် ဝမ်းမြောက်​တော်မူ​ပါစေသော​။