YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 29

29
1ဆိုဆုံးမ​ခြင်း​ကို​အကြိမ်ကြိမ်​ခံရ​သော်လည်း ခေါင်းမာ#29:1 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​လျက်​နေ​သော​သူ​သည်
ချမ်းသာ​ရာ​မ​ရ​ဘဲ ချက်ချင်း​ပျက်စီး​ရ​လိမ့်မည်​။
2ဖြောင့်မတ်​သော​သူ​တို့​တိုးပွား​သောအခါ လူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။
ဆိုးယုတ်​သော​သူ​အုပ်စိုး​သောအခါ​၌​မူကား လူ​တို့​သည် ညည်းတွား​ကြ​၏​။
3ဉာဏ်ပညာ​ကို​ချစ်​သော​သူ​သည် မိမိ​၏​ဖခင်​ကို​ဝမ်းမြောက်​စေ​၏​။
ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​သော​သူ​မူကား စည်းစိမ်ဥစ္စာ​ကို​ဆုံးရှုံး​စေ​၏​။
4ရှင်ဘုရင်​သည် တရားမျှတမှု​အားဖြင့် တိုင်းပြည်​ကို​တည်မြဲ​စေ​တတ်​၏​။
အခွန်​မတရား​ကောက်ခံ​သော​သူ​မူကား တိုင်းပြည်​ကို​ပြိုပျက်​စေ​တတ်​၏​။
5မိမိ​၏​အိမ်နီးချင်း​ကို​မြှောက်ပင့်​ပြောဆို​သော​သူ​သည်
မိမိ​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ဖြန့်​ထား​သော​သူ​ဖြစ်​၏​။
6မကောင်းမှု​ပြု​သော​သူ​သည် အပြစ်​ကျူးလွန်​ခြင်း​ထဲ၌ ထောင်ချောက်​မိ​တတ်​၏​။
ဖြောင့်မတ်​သော​သူ​မူကား ရွှင်လန်း​စွာ​သီချင်းဆို​လျက် ဝမ်းမြောက်​တတ်​၏​။
7ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲ​သော​သူ​တို့​၏​အမှုအခင်း​ကို သိမြင်​တတ်​၏​။
ဆိုးယုတ်​သော​သူ​သည် ထိုသို့သော​အသိ​မျိုး​ကို နား​မ​လည်​တတ်​။
8ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည် မြို့​ကို​ဆူပူအုံကြွ​စေ​တတ်​၏​။
ပညာရှိ​တို့​မူကား အမျက်​ကို​ပြေ​စေ​တတ်​၏​။
9ပညာရှိ​သော​သူ​သည် ဆိုးမိုက်​သော​သူ​နှင့်​အမှု​ဖြစ်​သောအခါ
ဆိုးမိုက်​သော​သူ​သည် အမျက်ထွက်​လျက်​၊
ပြောင်လှောင်​လျက်​နေ​သဖြင့် အေးချမ်းမှု​မ​ရ​နိုင်​။
10သွေးဆာ​သော​သူ​တို့​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​မုန်း​၍
ဖြောင့်မှန်​သော​သူ​၏​အသက်​ကို​သတ်​ရန် ရှာကြံ​တတ်​ကြ​၏​။
11မိုက်မဲ​သော​သူ​သည် မိမိ​၏​စိတ်ခံစားချက်​ရှိသမျှ​ကို ထုတ်ဖော်​တတ်​၏​။
ပညာရှိ​သော​သူ​မူကား ၎င်း​ကို ပြန်​၍​ထိန်း​ထား​တတ်​၏​။
12အုပ်စိုး​သူ​မင်း​သည် မုသား​စကား​ကို​အာရုံစိုက်​လျှင်
သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် ဆိုးယုတ်​သော​သူ​များ​ဖြစ်လာ​ကြ​လိမ့်မည်​။
13ဆင်းရဲ​သော​သူ​နှင့် ဖိနှိပ်​ခြယ်လှယ်​သော​သူ​တို့​၏​တူညီ​သော​အချက်​မှာ
သူ​တို့​နှစ်ဦးလုံး​၏​မျက်စိ​တွင် ထာဝရဘုရား​အလင်းပေး​တော်မူ​ခြင်း​ပင်​ဖြစ်​၏​။
14ဆင်းရဲ​သော​သူ​တို့​ကို မှန်ကန်​စွာ​တရားစီရင်​သော​ရှင်ဘုရင်​၏ ရာဇပလ္လင်​သည်
ထာဝစဉ်​တည်မြဲ​လိမ့်မည်​။
15ကြိမ်လုံး​နှင့်​ဆိုဆုံးမစကား​သည် ဉာဏ်ပညာ​ကို​ပေး​၏​။
လွှတ်​ထား​သော​ကလေးသူငယ်​မူကား သူ​၏​မိခင်​ကို​အရှက်ကွဲ​စေ​တတ်​၏​။
16ဆိုးယုတ်​သော​သူ​တို့​များပြား​လာ​သောအခါ အပြစ်​ကျူးလွန်​ခြင်း​သည်​လည်း များပြား​လာ​၏​။
သို့သော် သူ​တို့​၏​ပြိုလဲ​ခြင်း​ကို ဖြောင့်မတ်​သော​သူ​တို့​သည် တွေ့မြင်​ရ​ကြ​လိမ့်မည်​။
17သင်​၏​သား​ကို​ပဲ့ပြင်​လော့​။ သို့ပြုလျှင် သူ​သည် သင့်​ကို​ငြိမ်းချမ်း​မှု​ပေး​၍
သင်​၏​စိတ်ဝိညာဉ်​ကို ကြည်နူး​စေ​လိမ့်မည်​။
18ဗျာဒိတ်နိမိတ်​မ​ရှိ​လျှင် လူ​တို့​သည် စည်းလွတ်ဝါးလွတ်​ပြုမူ​တတ်​ကြ​၏​။
ပညတ်တရား​ကို​စောင့်ထိန်း​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။
19အစေအပါး​ကို စကား​အားဖြင့်​သာ ပဲ့ပြင်​၍​မ​ရ​နိုင်​။
သူ​သည် နားလည်​သော်လည်း တုံ့ပြန်​လိမ့်မည်​မ​ဟုတ်​။
20အလျင်စလို​စကား​ပြောဆို​တတ်​သော​သူ​ကို သင်​မြင်​သလော​။
ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။
21မိမိ​၏​အစေအပါး​ကို ငယ်ရွယ်​စဉ်​မှစ၍ အလိုလိုက်​လျှင်
နောက်ဆုံး​တွင် သူ​သည် မိုက်ရိုင်း​စော်ကား​တတ်​သူ​ဖြစ်​သွား​လိမ့်မည်​။
22စိတ်တို​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန် လှုံ့ဆော်​တတ်​၏​။
ဒေါသကြီး​သော​သူ​သည်​လည်း အပြစ်​များစွာ​ကျူးလွန်​တတ်​၏​။
23လူ​၏​မာန်မာန​သည် သူ့​ကို​နိမ့်ကျ​စေ​တတ်​၏​။
စိတ်နှိမ့်ချ​သော​သူ​မူကား ဂုဏ်သရေ​ကို​ရ​လိမ့်မည်​။
24သူခိုး​နှင့်​ဝေစုခွဲဝေ​သော​သူ​သည် မိမိ​အသက်​ကို​မုန်း​သော​သူ​ဖြစ်​၏​။
သူ​သည် ကျိန်​ခြင်း​ကို​ကြား​သော်လည်း မည်သည့်​အရာ​ကို​မျှ ထုတ်ဖော်​ပြောဆို​ခြင်း​မ​ရှိ​။
25လူ​ကို​ကြောက်ရွံ့​ခြင်း​သည် ထောင်ချောက်​ဖြစ်​၏​။
ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား လုံခြုံ​စွာ​နေ​ရ​၏​။
26များစွာ​သော​လူ​တို့​သည် အုပ်စိုး​သူ​မင်း​ထံမှ မျက်နှာရ​ရန်​ရှာကြံ​တတ်​ကြ​၏​။
သို့ရာတွင် လူ​သည် တရားမျှတမှု​ကို ထာဝရဘုရား​ထံ​တော်​မှ​ရ​၏​။
27ဖြောင့်မတ်​သော​သူ​သည် မတရား​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။
ဆိုးယုတ်​သော​သူ​မူကား ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။