YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 26

26
1နွေရာသီ​၌​ကျ​သော နှင်းပွင့်​ကဲ့သို့​လည်းကောင်း​၊ ရိတ်သိမ်း​ချိန်​၌ ရွာ​သော​မိုး​ကဲ့သို့​လည်းကောင်း
ဂုဏ်သရေ​သည် မိုက်မဲ​သော​သူ​နှင့်​မ​သင့်လျော်​ပေ​။
2လူးလာပျံဝဲ​သည့် စာငှက်​ကဲ့သို့​လည်းကောင်း​၊ ပျံသန်း​သွားလာ​သည့် ပျံလွှားငှက်​ကဲ့သို့​လည်းကောင်း
အကြောင်းမဲ့​ကျိန်ဆဲ​ခြင်း​သည် လာရောက်​ရပ်နား​ခြင်း​မ​ရှိ​တတ်​။
3မြင်း​အတွက်​ကျာပွတ်​၊ မြည်း​အတွက်​ဇက်ကြိုး​ရှိ​၏​။
မိုက်မဲ​သော​သူ​၏​ကျောကုန်း​အတွက်​ကား ကြိမ်လုံး​ရှိ​၏​။
4မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ မ​ဖြေကြား​နှင့်​။
ဖြေကြား​လျှင် သင်​သည်​လည်း သူ​နှင့်​တူ​သွား​လိမ့်မည်​။
5မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ ဖြေကြား​လော့​။
သို့မဟုတ်လျှင် သူ​သည် မိမိကိုယ်ကို​ပညာရှိ​ဟု ထင်မြင်​လိမ့်မည်​။
6မိုက်မဲ​သော​သူ​၏​လက်​ဖြင့် သတင်း​ပေးပို့​သော​သူ​သည်
မိမိ​၏​ခြေ​ကို​ဖြတ်​၍ ရက်စက်ကြမ်းကြုတ်မှု​ကို သောက်သုံး​သော​သူ​ဖြစ်​၏​။
7မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မှ​သုတ္တံ​စကား​သည်
ခြေမသန်စွမ်း​သော​သူ​၏​တွဲလျား​ကျ​နေ​သည့် ခြေ​တို့​နှင့်​တူ​၏​။
8မိုက်မဲ​သော​သူ​ကို ဂုဏ်ပြု​ခြင်း​သည်
လောက်လွှဲ​တွင် ကျောက်ခဲ​ကို​ချည်​ထား​ခြင်း​နှင့်​တူ​၏​။
9မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မှ​သုတ္တံ​စကား​သည်
ယစ်မူး​သူ​၏​လက်​ထဲ​ရောက်သွား​သော ဆူးပင်​နှင့်​တူ​၏​။
10မိုက်မဲ​သော​သူ​ကို ငှားရမ်း​သော​သူ​သည်​လည်းကောင်း​၊
ဖြတ်သန်းသွားလာ​သော​သူ​တို့​ကို ငှားရမ်း​သော​သူ​သည်​လည်းကောင်း
လူ​တိုင်း​ကို​ထိခိုက်ဒဏ်ရာ​ရ​စေ​သော လေးသမား​နှင့်​တူ​၏​။
11ခွေး​သည် မိမိ​အန်ဖတ်​ကို​ပြန်စား​တတ်​သကဲ့သို့ မိုက်မဲ​သော​သူ​သည်
မိမိ​ပြု​သော​မိုက်မဲမှု​ကို ထပ်တလဲလဲပြု​တတ်​၏​။#၂ပေ 2:22။
12မိမိကိုယ်ကို ပညာရှိ​ဟု ထင်မြင်​သော​သူ​ကို သင်​တွေ့မြင်​သလော​။
ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။
13ပျင်းရိ​သော​သူ​က “​လမ်း​ပေါ်၌ ခြင်္သေ့ကြီး​ရှိ​၏​။
လမ်းမ​၌ ခြင်္သေ့​ရှိ​၏​”​ဟု ဆို​တတ်​၏​။
14တံခါးရွက်​သည် ပတ္တာ​တွင်​လည်​သကဲ့သို့
ပျင်းရိ​သော​သူ​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် လူးလိမ့်​တတ်​၏​။
15ပျင်းရိ​သော​သူ​သည် မိမိ​၏​လက်​ကို​ပန်းကန်​ထဲသို့ နှိုက်​သော်လည်း
၎င်း​ကို​မိမိ​ပါးစပ်​ထဲသို့ ပြန်သွင်း​ရ​မည်​ကို ပင်ပန်း​နေ​တတ်​၏​။
16ပျင်းရိ​သော​သူ​သည် ဆင်ခြင်တုံတရား​ဖြင့် ဖြေကြား​နိုင်​သူ​ခုနစ်​ဦး​ထက်
ပညာရှိ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​ထင်မြင်​တတ်​၏​။
17မိမိ​နှင့်​မဆိုင်​သော​ခိုက်ရန်ဖြစ်ပွားမှု​ကို ဝင်စွက်​သော​သူ​သည်
ခွေးလေခွေးလွင့်​၏​နားရွက်​ကို ဖမ်းဆွဲ​သော​သူ​နှင့်​တူ​၏​။
18-19မိမိ​၏​အိမ်နီးချင်း​ကို လှည့်စား​ပြီး “​ငါ​သည် ကျီစား​ရုံသာ​ဖြစ်​၏​”​ဟု ပြောဆို​သော​သူ​သည်
သေ​စေ​တတ်​သော​မီးတုတ်​နှင့် မြား​ကို ပစ်ခတ်​တတ်​သော​အရူး​နှင့်​တူ​၏​။
20ထင်း​မ​ရှိ​လျှင် မီး​သည်​ငြိမ်းသွား​တတ်​၏​။
အတင်းအဖျင်း​ပြောဆို​သော​သူ​မ​ရှိ​လျှင်​လည်း အငြင်းပွားမှု​သည် ငြိမ်သက်​သွား​တတ်​၏​။
21မီးသွေး​သည် မီးခဲရှိန်​ကို​လည်းကောင်း​၊ ထင်း​သည် မီးရှိန်​ကို​လည်းကောင်း လှုံ့ဆော်​သကဲ့သို့
ငြင်းခုံ​ရန်တွေ့​တတ်​သော​သူ​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို လှုံ့ဆော်​တတ်​၏​။
22အတင်းအဖျင်း​ပြောဆို​သော​သူ​၏​စကား​တို့​သည် စားကောင်းသောက်ဖွယ်​များ​ကဲ့သို့​ဖြစ်​၍
အတွင်း​အကျဆုံး​နေရာ​များ​သို့ ဆင်းသွား​တတ်​၏​။
23မကောင်း​သော​စိတ်နှလုံး​မှ​လာ​သည့် ချိုသာ​သော​စကား​တို့​သည်
ငွေ​ချော်​ဖြင့်​မံ​ထား​သော မြေအိုး​နှင့်​တူ​၏​။
24အမုန်းထား​သော​သူ​သည် မိမိ​၏​နှုတ်​ဖြင့် ဟန်ဆောင်​ပြောဆို​သော်လည်း
သူ​၏​စိတ်နှလုံး​ထဲ၌ လိမ်လည်လှည့်ဖြား​သော​သဘော​ကို ဆောင်​ထား​တတ်​၏​။
25သူ​၏​စကား​သည် ချို​သော်လည်း သူ့​ကို​မ​ယုံ​နှင့်​။
အကြောင်းမူကား သူ​၏​စိတ်နှလုံး​ထဲ၌ စက်ဆုပ်ရွံရှာဖွယ်​ရာ ခုနစ်​ပါး​ရှိ​၏​။
26သူ​သည် အမုန်းထား​ခြင်း​ကို ပရိယာယ်​ဖြင့်​ဖုံးကွယ်​ထား​သော်လည်း
သူ​၏​မကောင်းမှု​သည် လူပုံ​အလယ်​တွင် ထင်ရှား​လိမ့်မည်​။
27တွင်း​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​လိမ့်မည်​။
ကျောက်တုံး​ကို​လှိမ့်​သော​သူ​သည် သူ့​အပေါ်​သို့ ထို​ကျောက်တုံး ပြန်လိမ့်​လာ​လိမ့်မည်​။
28မုသားသုံး​သော​လျှာ​သည် မိမိ​ကြောင့် ထိခိုက်​နာကျင်​ရ​သော​သူ​တို့​ကို​မုန်း​တတ်​၏​။
မြှောက်ပင့်​တတ်​သော​နှုတ်​သည်​လည်း ပျက်စီး​ခြင်း​ကို ဖြစ်​စေ​တတ်​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ