YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 24

24
1မကောင်းမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။
သူ​တို့​နှင့်​ပေါင်းဖော်​ရန်​လည်း အလို​မ​ရှိ​နှင့်​။
2အကြောင်းမူကား သူ​တို့​၏​စိတ်နှလုံး​သည် အကြမ်းဖက်မှု​ကို ကြံစည်​တတ်​၏​။
သူ​တို့​၏​နှုတ်ခမ်း​သည်​လည်း ပြဿနာ​ဖြစ်စေ​သော​စကား​ကို ပြောဆို​တတ်​၏​။
3ဉာဏ်ပညာ​အားဖြင့် အိမ်​ကို​တည်ဆောက်​၍
ထိုးထွင်းဉာဏ်​အားဖြင့် ၎င်း​ကို​မြဲမြံ​စေ​ရ​၏​။
4အသိပညာ​အားဖြင့် အခန်း​များ​သည် အဖိုးတန်​၍
နှစ်လို​ဖွယ်​ကောင်း​သော​စည်းစိမ်ဥစ္စာ​အပေါင်း​တို့​နှင့် ပြည့်​ရ​၏​။
5ပညာရှိ​သော​သူ​သည် အစွမ်းသတ္တိ​ရှိ​၏​။
အသိပညာ​ရှိ​သော​သူ​သည်​လည်း ခွန်အား​တိုးပွား​တတ်​၏​။
6အကယ်စင်စစ် သင်​သည် လမ်းညွှန်​မှု​ခံယူ​ခြင်း​အားဖြင့် သင်​၏​စစ်ပွဲ​ကို​ဆင်နွှဲ​ရ​မည်​။
အကြံပေးသူ​များစွာ​ရှိ​ခြင်း​အားဖြင့် အောင်ပွဲ​ရ​တတ်​၏​။
7ဆိုးမိုက်​သော​သူ​အတွက် ဉာဏ်ပညာ​သည် မြင့်မား​လွန်း​၏​။
သူ​သည် မြို့​တံခါး​၌ မိမိ​နှုတ်​ကို​မ​ဖွင့်​ပေ​။
8ဆိုးညစ်​သော​အမှု​ပြု​ရန်​ကြံစည်​သော​သူ​ကို
အကြံသမား​ဟု​ခေါ်​ကြ​လိမ့်မည်​။
9မိုက်မဲ​ဆိုးညစ်​သော​အကြံ​သည် အပြစ်​ဖြစ်​၏​။
ပြက်ရယ်​ပြု​တတ်​သော​သူ​သည်​လည်း လူ​တို့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။
10သင်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ စိတ်အားလျော့​လျှင်
သင်​၏​ခွန်အား​သည် နည်း​လိမ့်မည်​။
11သေ​ရာ​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သူ​တို့​နှင့်
ကွပ်မျက်​ရာ​သို့​ဒယိမ်းဒယိုင်​သွား​နေ​သော​သူ​တို့​ကို ကယ်နုတ်​လော့​။
အကယ်၍ ထိုသို့​မ​ပြု​ဘဲ
12“​ထို​အမှု​ကို ငါ​တို့​မ​သိ​ခဲ့​ပါ​”​ဟု သင်​ဆို​လျှင်​လည်း
စိတ်နှလုံး​တို့​ကို​ချိန်တွယ်​တော်မူ​သော​အရှင်​သည်
ထို​အရာ​ကို​မ​သိ​နား​မ​လည်​ဘဲ​နေ​မည်လော​။
သင်​၏​စိတ်ဝိညာဉ်​ကို ထိန်းသိမ်းစောင့်ရှောက်​တော်မူ​သော​အရှင်​သည်
မ​သိ​ဘဲ​နေ​မည်လော​။
ကိုယ်တော်​သည် လူ​တို့​အား မိမိ​လုပ်ဆောင်မှု​နှင့်အညီ
မ​ဆပ်ပေး​ဘဲ​နေ​မည်လော​။#မ 16:27၊ ရော 2:6၊ 14:10၊ ၂ကော 5:10။
13ငါ့​သား​၊ ပျားရည်​သည် ကောင်း​သောကြောင့် စားသုံး​လော့​။
ပျားလပို့​မှ​ပျားရည်​သည် သင်​၏​လျှာ​၌​ချိုမြိန်​၏​။
14ထိုနည်းတူ ဉာဏ်ပညာ​သည် သင်​၏​စိတ်ဝိညာဉ်​အတွက် ချိုမြိန်​ကြောင်း​သိမှတ်​လော့​။
ဉာဏ်ပညာ​ကို သင်​တွေ့ရှိ​ပါက သင့်​အတွက် အနာဂတ်​ရှိ​လိမ့်မည်​။
သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း ခံရ​လိမ့်မည်​မ​ဟုတ်​။
15အချင်း​ဆိုးယုတ်​သော​သူ​၊ ဖြောင့်မတ်​သော​သူ​၏​အိမ်​ကို မ​ချောင်းမြောင်း​နှင့်​။
သူ​အနားယူရာအရပ်​ကို မ​ဖျက်ဆီး​နှင့်​။
16အကြောင်းမူကား ဖြောင့်မတ်​သော​သူ​သည် ခုနစ်​ကြိမ်​လဲကျ​သော်လည်း ပြန်ထ​လိမ့်မည်​။
ဆိုးယုတ်​သော​သူ​တို့​မူကား ဘေးအန္တရာယ်​ကြောင့် ကျရှုံး​ရ​လိမ့်မည်​။
17သင်​၏​ရန်သူ​လဲကျ​သောအခါ ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။
သူ​ခလုတ်တိုက်​သောအခါ​၌​လည်း သင်​၏​စိတ်နှလုံး​ရွှင်လန်း​ခြင်း​မ​ရှိ​စေ​နှင့်​။
18ရှိ​လျှင်​မူကား ထာဝရဘုရား​သည်​မြင်​၍ မနှစ်မြို့​သဖြင့်
မိမိ​၏​အမျက်​တော်​ကို သူ့​ထံမှ​လွှဲဖယ်​တော်မူ​လိမ့်မည်​။
19ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။
ဆိုးယုတ်​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။
20အကြောင်းမူကား ဆိုးညစ်​သော​သူ​တို့​အတွက် အနာဂတ်​မ​ရှိ​။
ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​သည် ငြိမ်း​သွား​လိမ့်မည်​။
21ငါ့​သား​၊ ထာဝရဘုရား​နှင့်​ရှင်ဘုရင်​ကို ကြောက်ရွံ့​လော့​။
ဖောက်ပြန်​ပြောင်းလဲ​သော​သူ​တို့​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။#၁ပေ 2:17။
22အကြောင်းမူကား ဘေးဒုက္ခ​သည် သူ​တို့​ထံမှ​ရုတ်တရက်​ရောက်လာ​တတ်​၏​။
ထို​အရှင်​နှစ်​ပါး​ထံမှ​ရောက်လာ​မည့်​ဘေးဆိုး​ကို မည်သူ​သိ​နိုင်​မည်နည်း​။
23ထို့ပြင် ဤ​အရာ​များ​ကား ပညာရှိ​တို့​၏​စကား​ဖြစ်​၏​။
တရားစီရင်​ရာ​၌ မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။
24ဆိုးယုတ်​သော​သူ​အား “​သင်​သည် ဖြောင့်မတ်​သည်​”​ဟု ပြောဆို​သော​သူ​ကို
လူ​တို့​သည် ကျိန်ဆဲ​၍ တိုင်းသူပြည်သား​တို့​သည် ရှုတ်ချ​ကြ​လိမ့်မည်​။
25သို့သော် ထို​ဆိုးယုတ်​သော​သူ​ကို ဆုံးမ​သော​သူ​တို့​သည်
ရွှင်လန်း​ဝမ်းမြောက်​ကြ​လိမ့်မည်​။
ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​သည်​လည်း
သူ​တို့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။
26မှန်ကန်​စွာ​ဖြေကြား​သော​သူ​သည်
နှုတ်ခမ်း​ကို​နမ်း​သော​သူ​ဖြစ်​၏​။
27အပြင်​၌ သင်​၏​အလုပ်​ကို ပြင်ဆင်​၍ လယ်ယာ​၌
အရာရာ​ကို သင့်​အတွက်​အဆင်သင့်​ပြင်​ထား​လော့​။
ထို့နောက်မှ သင့်​အိမ်​ကို​ဆောက်​လော့​။
28အကြောင်းမရှိ​ဘဲ သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ သက်သေ​မ​ထွက်ဆို​နှင့်​။
သင်​၏​နှုတ်ခမ်း​ဖြင့် မ​လှည့်စား​နှင့်​။
29“​ငါ့​အပေါ်​သူ​ပြု​ခဲ့​သည့်​အတိုင်း သူ့​အပေါ်​ငါ​ပြု​မည်​။
သူ​၏​လုပ်ဆောင်မှု​နှင့်အညီ သူ့​ကို ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။#သု 20:22၊ ၁ပေ 3:9။
30ငါ​သည် ပျင်းရိ​သော​သူ​၏​လယ်ယာ​နား​၊
အသိစိတ်​မ​ရှိ​သော​သူ​၏​စပျစ်ခြံ​နားမှ ဖြတ်သွား​ရာ
31ကြည့်ရှု​လော့​။ ဆူးပင်​များ​အပြည့်​ပေါက်​လျက်
တစ်ပြင်လုံး​ပေါင်းပင်​များ​ဖုံးလွှမ်း​ကာ
၎င်း​၏​ကျောက်​တံတိုင်း​လည်း ပြိုပျက်​လျက်​ရှိ​၏​။
32ငါ​သည် ထို​အဖြစ်​ကို​မြင်​သောအခါ နှလုံးသွင်း​၍
ငါ​တွေ့မြင်​သော​အရာ​ကို သင်ခန်းစာ​ယူ​၏​။
33ခဏ​အိပ်​လျက်​၊ ခဏ​ငိုက်​လျက်​၊
ခဏ​လက်ပိုက်​အနားယူ​လျက်​နေစဉ်
34ဆင်းရဲ​ခြင်း​သည် သူခိုးဓားပြ​ကဲ့သို့​လည်းကောင်း​၊
ချို့တဲ့​နွမ်းပါး​ခြင်း​သည် လက်နက်​ကိုင်ဆောင်​သူ​ကဲ့သို့​လည်းကောင်း
သင့်​ထံသို့​ရောက်လာ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 24: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။