YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 23

23
1သင်​သည် အုပ်စိုး​သူ​မင်း​နှင့်အတူ စားသောက်​ရန် ထိုင်​သောအခါ
သင်​၏​ရှေ့​၌​ရှိ​သော​အရာ​တို့​ကို သတိ​နှင့်​ဆင်ခြင်သုံးသပ်​လော့​။
2သင်​သည် အစားကြီး​သော​သူ​ဖြစ်​ပါက
သင်​၏​လည်ပင်း​ကို ဓား​နှင့်​ရွယ်​ထား​လော့​။
3သူ​၏​စားကောင်း​သောက်ဖွယ်​များ​ကို မ​တောင့်တ​နှင့်​။
အကြောင်းမူကား ၎င်း​သည် လိမ်လည်မှု​နှင့်ဆိုင်သော​အစားအစာ​ဖြစ်​၏​။
4ချမ်းသာကြွယ်ဝ​စေရန် ပင်ပန်းကြီး​စွာ​မ​ပြု​နှင့်​။
သင်​၏​အသိဉာဏ်​အားဖြင့် ထိုသို့​ပြု​ခြင်း​ကို​ရပ်တန့်​လော့​။
5ထို​ချမ်းသာကြွယ်ဝမှု​ကို သင်​၏​မျက်စိ​ဖြင့် ဝေ့ကြည့်​လိုက်​သောအခါ
၎င်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။
အကြောင်းမူကား ၎င်း​သည် ရုတ်တရက်​အတောင်​ပေါက်​၍
လင်းယုန်​ကဲ့သို့ ကောင်းကင်​သို့​ပျံသန်း​သွား​လိမ့်မည်​။
6စေးနှဲ​သော​သူ​၏​အစားအစာ​ကို​မ​စား​နှင့်​။
သူ​၏​စားကောင်း​သောက်ဖွယ်​များ​ကို​လည်း မ​တောင့်တ​နှင့်​။
7အကြောင်းမူကား သူ​သည် မိမိ​စိတ်​ထဲ၌ တွက်ချက်​တတ်​သော​သူ​မျိုး​ဖြစ်​၏​။
သူ​သည် သင့်​အား “​စား​လော့​။ သောက်​လော့​”​ဟု ဆို​သော်လည်း
သင့်​အပေါ် စေတနာ​စိတ်​မ​ရှိ​။
8သင်​စား​ပြီး​သော တစ်လုတ်စာ​ကို အန်ထုတ်​ရ​လိမ့်မည်​။
သင်​၏​နှစ်လို​ဖွယ်​ကောင်း​သော​စကား​တို့​သည်​လည်း အလဟဿ​ဖြစ်သွား​လိမ့်မည်​။
9မိုက်မဲ​သော​သူ​၏​ရှေ့​တွင် စကား​မ​ပြော​နှင့်​။
အကြောင်းမူကား သူ​သည် သင်​၏​စကား​များ​၌​ပါ​သော​ဉာဏ်စွမ်း​ကို မထီမဲ့မြင်ပြု​လိမ့်မည်​။
10ရှေးယခင်​နယ်နိမိတ်​အမှတ်အသား​ကို မ​ရွှေ့​နှင့်​။
ဖတဆိုး​တို့​၏​လယ်ယာ​များ​ကို မ​ကျူးကျော်​နှင့်​။
11သူ​တို့​ကို​ရွေးနုတ်​သော​အရှင်​သည် တန်ခိုးကြီး​တော်မူ​သောကြောင့်
သင့်​ကို​ဆန့်ကျင်​လျက် သူ​တို့​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​တော်မူ​လိမ့်မည်​။
12ဆုံးမပဲ့ပြင်​ခြင်း​ကို နှလုံး​သွင်း​၍
အသိပညာ​စကား​တို့​ကို နားစွင့်​လော့​။
13ကလေးသူငယ်​ကို ဆုံးမပဲ့ပြင်​ခြင်း​မပြု​ဘဲ​မ​နေ​နှင့်​။
သူ့​ကို​ကြိမ်လုံး​နှင့်​ရိုက်​သော်လည်း သူ​မ​သေ​နိုင်​။
14သင်​သည် သူ့​ကို​ကြိမ်လုံး​နှင့်​ရိုက်​၍
သူ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​မှ​ကယ်နုတ်​ရ​မည်​။
15ငါ့​သား​၊ သင်​၏​စိတ်နှလုံး​သည် ဉာဏ်ပညာရှိ​လျှင်
ငါ​၏​စိတ်နှလုံး​သည်​လည်း အမှန်ပင်​ဝမ်းမြောက်​လိမ့်မည်​။
16သင်​၏​နှုတ်ခမ်း​သည် ဟုတ်မှန်​သော​အရာ​များ​ကို​ပြောဆို​သောအခါ
ငါ​၏​အတွင်းသဘော​သည် ရွှင်မြူး​လိမ့်မည်​။
17သင်​၏​စိတ်နှလုံး​သည် အပြစ်သား​တို့​ကို မ​ငြူစူ​နှင့်​။
တစ်နေ့လုံး ထာဝရဘုရား​ကို ကြောက်ရွံ့​၍​သာ​နေ​လော့​။
18သို့ပြုလျှင် သင့်​အတွက် အနာဂတ် မုချ​ရှိ​လိမ့်မည်​။
သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။
19ငါ့​သား​၊ သင်​သည်​နားထောင်​၍ ဉာဏ်ပညာရှိ​လော့​။
သင်​၏​စိတ်နှလုံး​ကို​လည်း လမ်း​တော်​သို့ လိုက်​စေ​လော့​။
20စပျစ်ဝိုင်​သောက်ကြူး​သော​သူ​များ​၊
အသား​စားကြူး​သော​သူ​များ​နှင့် မ​ပေါင်းဖော်​နှင့်​။
21အကြောင်းမူကား အသောက်ကြူး​သော​သူ​နှင့်
အစားကြူး​သော​သူ​သည် ဆင်းရဲ​သွား​လိမ့်မည်​။
ငိုက်မျဉ်း​ခြင်း​သည်​လည်း လူ​ကို​အဝတ်စုတ်​များ​ဝတ်​စေ​လိမ့်မည်​။
22သင့်​ကို​မွေးဖွား​လာ​စေ​သော သင့်​ဖခင်​၏​စကား​ကို နားထောင်​လော့​။
သင့်​မိခင်​အိုမင်း​သောအခါ​လည်း မထီမဲ့မြင်​မ​ပြု​နှင့်​။
23သမ္မာတရား​ကို​ဝယ်ယူ​လော့​။ မ​ရောင်း​နှင့်​။
ဉာဏ်ပညာ​၊ ဆုံးမပဲ့ပြင်​ခြင်း​နှင့် အသိဉာဏ်​ကို​လည်း ထိုနည်းတူ​ပြု​လော့​။
24ဖြောင့်မတ်​သော​သူ​၏​ဖခင်​သည် အလွန်​ရွှင်လန်း​လိမ့်မည်​။
ပညာရှိ​သော​သား​ကို​ရ​သော​သူ​သည်​လည်း ထို​သား​အတွက် ဝမ်းမြောက်​လိမ့်မည်​။
25သင်​၏​မိခင်​နှင့်​ဖခင်​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။
သင့်​ကို​မွေးဖွား​သော​သူ​သည် ရွှင်လန်း​ပါစေ​။
26ငါ့​သား​၊ သင်​၏​စိတ်နှလုံး​ကို ငါ့​အား​ပေး​လော့​။
သင်​၏​မျက်စိ​သည်​လည်း ငါ​၏​လမ်း​တို့​ကို ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။
27အကြောင်းမူကား ပြည့်တန်ဆာ​သည် နက်​သော​တွင်း​ဖြစ်​၏​။
ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​သည်​လည်း ကျဉ်း​သော​ရေတွင်း​ဖြစ်​၏​။
28ထို​မိန်းမ​သည် ဓားပြ​ကဲ့သို့​ချောင်းမြောင်း​၍
ယောက်ျား​တို့​ထဲတွင် သစ္စာမဲ့​သော​သူ​ကို​များပြား​စေ​တတ်​၏​။
29မည်သူ​သည် အမင်္ဂလာ​ရှိ​သနည်း​။
မည်သူ​သည် စိတ်ပျက်​ဝမ်းနည်း​တတ်​သနည်း​။
မည်သူ​သည် ငြင်းခုံ​ရန်တွေ့​တတ်​သနည်း​။
မည်သူ​သည် ညည်းတွား​တတ်​သနည်း​။
မည်သူ​သည် အကြောင်းမဲ့​ဒဏ်ရာ​များ​ရ​တတ်​သနည်း​။
မည်သူ​သည် မျက်စိ​နီရဲ​နေ​တတ်​သနည်း​။
30ထိုသို့​ဖြစ်​သူ​များ​မှာ စပျစ်ဝိုင်​ကို​အချိန်​ကြာမြင့်​စွာ သောက်​တတ်​သူ​များ​၊
ရောစပ်​ထား​သော​စပျစ်ဝိုင်​ကို သွား​၍​ရှာ​တတ်​သူ​များ​ပင်​ဖြစ်​ကြ​၏​။
31အရောင်​နီ​လျက်​၊ ခွက်ဖလား​ထဲ၌​အရောင်တောက်​လျက်
ချိုမြိန်​စွာ​စီးဝင်​သွား​သော​စပျစ်ဝိုင်​ကို​မ​ကြည့်​နှင့်​။
32ထို​အရာ​သည် အဆုံး​၌ မြွေ​ကဲ့သို့​ကိုက်​၍
မြွေပွေး​ကဲ့သို့​အဆိပ်သင့်​စေ​တတ်​၏​။
33သင်​၏​မျက်စိ​သည် ထူးဆန်း​သော​အရာ​တို့​ကို​မြင်​၍
သင်​၏​စိတ်နှလုံး​သည် ဖောက်ပြန်လွဲမှား​သော​စကား​တို့​ကို​ပြောဆို​လိမ့်မည်​။
34သင်​သည် ပင်လယ်​အလယ်ဗဟို​၌ လဲလျောင်း​နေ​သော​သူ​ကဲ့သို့​လည်းကောင်း​၊
သင်္ဘော​ရွက်တိုင်​၏​ထိပ်ဖျား​၌ လဲလျောင်း​နေ​သော​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။
35“​သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​သော်လည်း ငါ​မ​နာ​။
ငါ့​ကို​ထုရိုက်​ကြ​သော်လည်း ငါ​မ​သိ​။
မည်သည့်​အချိန်​မှ ငါ​နိုး​မည်နည်း​။
နောက်ထပ်​သောက်​ရန် ငါ​ရှာ​ဦး​မည်​”​ဟု သင်​ပြောဆို​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။