YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 18

18
1သူတစ်ပါး​နှင့်​မရောနှော​သော​သူ​သည် မိမိ​အလိုဆန္ဒ​ကို​သာ​ရှာကြံ​၍
မှန်ကန်​ပြည့်စုံ​သော​ဉာဏ်ပညာ​ရှိသမျှ​ကို ဆန့်ကျင်​တတ်​၏​။
2မိုက်မဲ​သော​သူ​သည် ထိုးထွင်းဉာဏ်​ကို​အလို​မ​ရှိ​ဘဲ
မိမိ​စိတ်သဘော​ကို​သာ ဖော်ပြ​တတ်​၏​။
3ဆိုးယုတ်​သော​သူ​ရောက်လာ​သောအခါ မထီမဲ့မြင်ပြု​ခြင်း​လည်း ရောက်လာ​တတ်​၏​။
ကဲ့ရဲ့ပြစ်တင်​ခြင်း​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့်အတူ​ရောက်လာ​တတ်​၏​။
4လူ​၏​နှုတ်​မှ​ထွက်​သော​စကား​တို့​သည် နက်​သော​ရေ​ကဲ့သို့​ဖြစ်​၏​။
ဉာဏ်ပညာ​၏​စမ်းရေတွင်း​သည် စီးဆင်း​နေ​သော​စမ်းချောင်း​ကဲ့သို့​ဖြစ်​၏​။
5ဆိုးယုတ်​သော​သူ​ကို​မျက်နှာလိုက်​ခြင်း​၊
ဖြောင့်မတ်​သော​သူ​ကို မတရားသဖြင့်​စီရင်​ခြင်း​သည် မ​ကောင်း​ပေ​။
6မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​သည် ခိုက်ရန်ဖြစ်ပွားမှု​ထဲ​ဝင်ပါ​တတ်​၏​။
သူ​၏​နှုတ်​သည်​လည်း ကြိမ်ဒဏ်​ကို​ဖိတ်ခေါ်​တတ်​၏​။
7မိုက်မဲ​သော​သူ​၏​နှုတ်​သည် သူ့​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။
သူ​၏​နှုတ်ခမ်း​သည်​လည်း သူ​၏​စိတ်ဝိညာဉ်​ကို​ဖမ်းမိ​သော​ထောင်ချောက်​ဖြစ်​၏​။
8အတင်းအဖျင်း​ပြောဆို​သော​သူ​၏​စကား​တို့​သည် စားကောင်းသောက်ဖွယ်​များ​ကဲ့သို့​ဖြစ်၍
အတွင်း​အကျဆုံး​နေရာ​များ​သို့​ဆင်းသွား​တတ်​၏​။
9မိမိ​၏​အလုပ်​၌​ပျင်းရိ​သော​သူ​သည်
အဖျက်သမား​နှင့်​ညီအစ်ကို​တော်​၏​။
10ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။
ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။
11ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။
၎င်း​ကို မြင့်မား​သော​တံတိုင်း​နှင့်​တူ​သည်​ဟု သူ​ထင်မှတ်​တတ်​၏​။
12ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် လူ​၏​ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။
ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။
13ကောင်း​စွာ​နား​မ​ထောင်​မီ ဖြေဆို​ခြင်း​သည် ထိုသို့​ဖြေဆို​သော​သူ​အတွက်
မိုက်မဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​ဖြစ်​တတ်​၏​။
14လူ​၏​စိတ်​သည် သူ​၏​ရောဂါဝေဒနာ​ကို ခံရပ်​နိုင်​၏​။
သို့သော် စိတ်​ထိခိုက်​နာကျင်​ခြင်း​ကို​ကား မည်သူ​ခံနိုင်​မည်နည်း​။
15အသိဉာဏ်​ရှိ​သော​သူ​၏​စိတ်နှလုံး​သည် အသိပညာ​ကို​ဆည်းပူး​တတ်​၏​။
ပညာရှိ​သော​သူ​တို့​၏​နား​သည်​လည်း အသိပညာ​ကို​ရှာဖွေ​တတ်​၏​။
16လူ​နှင့်​ပါလာ​သော​လက်ဆောင်​သည် သူ့​ကို​လမ်း​ဖွင့်​ပေး​၍
ကြီးမြတ်​သော​သူ​တို့​၏​ရှေ့မှောက်​သို့ သူ့​ကို​ပို့ဆောင်​ပေး​တတ်​၏​။
17မိမိ​အမှု​ကို​ဦးစွာ​တင်ပြ​သော​သူ​သည် အခြားသူ​ရောက်လာ​၍
ထို​အမှု​ကို မ​စစ်ကြော​မီ​အထိ ဖြောင့်မတ်​ဟန်​ရှိ​၏​။
18မဲချခြင်း​သည် ငြင်းခုံ​ရန်တွေ့​ခြင်း​ကို​အဆုံးသတ်​စေ​၍
အင်အားကြီး​သော​သူ​တို့​အကြား ဖျန်ဖြေ​ပေး​တတ်​၏​။
19စော်ကားပြစ်မှား​ခြင်း​ခံရ​သော​ညီအစ်ကို​သည် ခိုင်ခံ့​သော​မြို့​ထက် ပို၍​မာကျော​၏​။
ငြင်းခုံ​ရန်တွေ့​ခြင်း​သည်​လည်း ခံတပ်​၏​ကန့်လန့်ကျင်​ကဲ့သို့​ဖြစ်​၏​။
20လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​ဖြင့် မိမိ​ဝမ်း​ကို​ပြည့်​စေ​၍
မိမိ​နှုတ်ခမ်း​၏​အမြတ်အစွန်း​ဖြင့် အလိုပြည့်စုံ​တတ်​၏​။
21သေ​ခြင်း​နှင့်​အသက်ရှင်​ခြင်း​သည် လျှာ​၏​တန်ခိုး​အောက်​၌​ရှိ​သည်​ဖြစ်၍
လျှာ​ကို​ချစ်ခင်​သော​သူ​သည် ၎င်း​၏​အသီး​ကို​စား​ရ​လိမ့်မည်​။
22မယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အရာ​ကို​ရ​၍
ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။
23ဆင်းရဲ​သော​သူ​သည် အသနားခံ​ပြောဆို​တတ်​၏​။
ချမ်းသာ​သော​သူ​မူကား ကြမ်းတမ်း​စွာ​တုံ့ပြန်​ပြောဆို​တတ်​၏​။
24အပေါင်းအသင်း​များ​သော​သူ​သည် ပျက်စီး​တတ်​၏​။
သို့ရာတွင် ညီအစ်ကို​ထက် ပို၍​ခင်တွယ်​တတ်​သော​မိတ်ဆွေ​လည်း ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ