ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။ ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။ ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။ ဆိုးညစ်သောအမှုကိုပြုသောသူသည် ယုတ်ညံ့သောစကားကို အာရုံစိုက်နားထောင်တတ်၏။ မုသားပြောဆိုသောသူသည်လည်း ယုတ်မာစဉ်းလဲသောစကားကို စူးစိုက်နားထောင်တတ်၏။ ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ မြေးတို့သည် အသက်ကြီးသောသူတို့၏သရဖူဖြစ်၏။ သားသမီးတို့၏ဂုဏ်ကျက်သရေကား သူတို့၏မိဘဘိုးဘွားဖြစ်ကြ၏။ မွန်မြတ်သောနှုတ်ခမ်းသည် မိုက်မဲသောသူနှင့်မသင့်လျော်ပေ။ ထို့ထက်မက မုသားနှုတ်ခမ်းသည် မင်းအရာရှိနှင့် ပို၍ပင်မသင့်လျော်ပေ။ တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။ သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖုံးအုပ်ပေးသောသူသည် ချစ်ခြင်းမေတ္တာကိုပြုစု၏။ အမှုအရာကိုထပ်တလဲလဲပြောဆိုသောသူမူကား အပေါင်းအဖော်ကို ကွဲပြားစေတတ်၏။ အသိဉာဏ်ရှိသောသူကို တစ်ကြိမ်ဆုံးမခြင်းသည် မိုက်မဲသောသူကို အကြိမ်တစ်ရာရိုက်ခြင်းထက် ပို၍အရာရောက်၏။ ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍ ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။ မိုက်မဲစိတ်မွှန်နေသော လူမိုက်နှင့်တွေ့ရခြင်းထက် သားငယ်ဆုံးရှုံးသောဝက်ဝံမနှင့်တွေ့ရခြင်းသည် ပို၍ကောင်း၏။ တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။ အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။ ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုသတ်မှတ်သောသူနှင့် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုစီရင်သောသူနှစ်ဦးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။ မိတ်ဆွေသည် အစဉ်အမြဲ ချစ်ခင်တတ်၏။ ညီအစ်ကိုသည်လည်း ဆင်းရဲဒုက္ခရောက်ချိန်အတွက် မွေးဖွားလာ၏။ အသိဉာဏ်မရှိသောသူသည် သူတစ်ပါးအတွက် တာဝန်ခံပေး၍ မိမိ၏အိမ်နီးချင်းအတွက် အာမခံပေးတတ်၏။ အပြစ်ကျူးလွန်ခြင်းကိုနှစ်သက်သောသူသည် ခိုက်ရန်ပြုခြင်းကိုနှစ်သက်တတ်၏။ မိမိ၏တံခါးကိုမြှင့်သောသူသည် ပျက်စီးခြင်းကိုရှာကြံသောသူဖြစ်၏။ စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။ လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။ မိုက်မဲသောသားကိုရသောသူ၌ ပူဆွေးခြင်းရှိ၏။ မိုက်မဲသောသူ၏ဖခင်၌လည်း ဝမ်းမြောက်ခြင်းမရှိ။ ဝမ်းမြောက်သောစိတ်နှလုံးသည် ဆေးကောင်းတစ်လက်ဖြစ်၏။ စိတ်ထိခိုက်နာကျင်ခြင်းမူကား အရိုးကိုခြောက်သွေ့စေတတ်၏။ ဆိုးယုတ်သောသူသည် တရားမျှတခြင်းလမ်းစဉ်တို့ကိုဖျက်ရန် တံစိုးလက်ဆောင်ကို လျှို့ဝှက်စွာယူတတ်၏။ အသိဉာဏ်ရှိသောသူ၏မျက်နှာသည် ဉာဏ်ပညာဘက်သို့ရှေးရှုတတ်၏။ မိုက်မဲသောသူ၏မျက်စိမူကား ကမ္ဘာမြေကြီးအစွန်းသို့ရှေးရှုတတ်၏။ မိုက်မဲသောသားသည် သူ၏ဖခင်အတွက် ပူဆွေးစရာဖြစ်၍ သူ့ကိုမွေးဖွားသောသူအတွက် ခါးသီးစရာဖြစ်၏။ ဖြောင့်မတ်သောသူကို အပြစ်ဒဏ်ပေးခြင်း၊ မင်းအရာရှိတို့ကို ဖြောင့်မှန်မှုအတွက်ရိုက်ခြင်းသည် မကောင်းပေ။ မိမိစကားကိုထိန်းချုပ်သောသူသည် အသိပညာရှိ၏။ စိတ်အေးဆေးတည်ငြိမ်သောသူသည် ထိုးထွင်းဉာဏ်ရှိသောသူဖြစ်၏။ ဆိုးမိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိ၏နှုတ်ကိုပိတ်ထားလျှင် အသိဉာဏ်ရှိသောသူဟူ၍လည်းကောင်း မှတ်ယူခြင်းခံရတတ်၏။
သုတ္တံကျမ်း 17 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 17:1-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို