YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 10:17-32

သုတ္တံကျမ်း 10:17-32 MSBU

ဆုံးမပဲ့ပြင်​ခြင်း​ကို စောင့်ထိန်း​သော​သူ​သည် အသက်ရှင်​ခြင်း​လမ်း​၌​ရှိ​၏​။ ဆိုဆုံးမစကား​ကို​ငြင်းပယ်​သော​သူ​မူကား လမ်းလွဲ​တတ်​၏​။ မုန်းတီး​ခြင်း​ကို​ဖုံးကွယ်​ထား​သော​သူ​၌ မုသား​နှုတ်ခမ်း​ရှိ​၏​။ အသရေပျက်​စေ​သော​စကား​ကို ဖြန့်​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။ စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။ မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။ ဖြောင့်မတ်​သော​သူ​၏​လျှာ​သည် ငွေ​စင်​နှင့်​တူ​၏​။ ဆိုးယုတ်​သော​သူ​၏​စိတ်နှလုံး​မူကား တန်ဖိုးနည်း​လှ​၏​။ ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် များစွာ​သော​သူ​တို့​ကို ကျွေးမွေး​တတ်​၏​။ ဆိုးမိုက်​သော​သူ​တို့​မူကား အသိစိတ်​မ​ရှိ​သောကြောင့် သေ​ကြ​လိမ့်မည်​။ ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် လူ​ကို​ချမ်းသာကြွယ်ဝ​စေ​၏​။ ကိုယ်တော်​သည် ထို​ချမ်းသာကြွယ်ဝမှု​၌ မည်သည့်​ခက်ခဲပင်ပန်းမှု​ကို​မျှ ထပ်ပေါင်း​တော်​မ​မူ​။ မိုက်မဲ​သော​သူ​သည် ညစ်ညမ်း​သော​အမှု​ကို​ပြု​ခြင်း​၌ ပျော်မွေ့​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဉာဏ်ပညာ​၌ ပျော်မွေ့​တတ်​၏​။ ဆိုးယုတ်​သော​သူ​ကြောက်လန့်​သော​အမှု​သည် သူ့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​ကို​ကား ကိုယ်တော်​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။ လေပွေ​တိုက်ခတ်​သွား​သောအခါ ဆိုးယုတ်​သော​သူ​သည် ပျောက်ကွယ်​သွား​၏​။ ဖြောင့်မတ်​သော​သူ​၌​ကား အစဉ်အမြဲ​တည်​သော​အုတ်မြစ်​ရှိ​၏​။ ပျင်းရိ​သော​သူ​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက် သွား​ကို​ထိ​သော​ရှာလကာရည်​ကဲ့သို့​လည်းကောင်း​၊ မျက်စိ​ထဲ​ဝင်​သော​မီးခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​ကို​ရှည်​စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှစ်ကာလ​မူကား တို​တတ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​မျှော်မှန်း​သော​အရာ​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား ပျက်စီး​သွား​လိမ့်မည်​။ ထာဝရဘုရား​၏​လမ်း​တော်​သည် တည်ကြည်​သော​သူ​အတွက် မှီခို​ရာ​ဖြစ်​၏​။ အပြစ်ဒုစရိုက်​ကို​ပြုကျင့်​သော​သူ​တို့​အတွက်​မူကား ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် မည်သည့်​အခါ​မျှ​မ​ရွေ့​ရာ​။ ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​၌ နေထိုင်​ရ​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​ကို​တိုးပွား​စေ​၏​။ ဖောက်ပြန်လွဲမှား​သော​လျှာ​မူကား အဖြတ်​ခံရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် နှစ်သက်​ဖွယ်​သော​အရာ​ကို သိ​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို​သာ သိ​၏​။