YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 18

18
ယဇ်ပုရောဟိတ်အရိုက်အရာပေးခြင်း
1ထာဝရဘုရား​က အာရုန်​အား “​သန့်ရှင်းရာဌာန​နှင့်​ပတ်သက်၍ ပြစ်မှား​မိ​သော​အပြစ်​ကို သင်​နှင့်​သင်​၏​သား​များ​၊ သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​များ ခံ​ကြ​ရ​မည်​။ ယဇ်ပုရောဟိတ်​အရိုက်အရာ​နှင့်​ပတ်သက်၍ ပြစ်မှား​မိ​သော​အပြစ်​ကို သင်​နှင့်​သင်​၏​သား​များ ခံ​ကြ​ရ​မည်​။ 2သက်သေခံချက်​တဲ​တော်​ရှေ့​၌ သင်​နှင့်​သင်​၏​သား​တို့ အမှု​တော်​ဆောင်ရွက်​ရာ​တွင် သင်​တို့​နှင့်​ပူးပေါင်း​၍ အမှု​တော်​ဆောင်ရွက်​ရန် သင့်​ဘိုးဘေး​၏​မျိုးနွယ်​ဖြစ်​သည့် သင်​၏​အမျိုးသားချင်း​လေဝိ​အမျိုးအနွယ်​တို့​ကို သင်​နှင့်အတူ​ခေါ်ဆောင်​လော့​။ 3သူ​တို့​သည် သင်​နှင့်ဆိုင်သော​အလုပ်​၊ တဲ​တော်​တစ်ခုလုံး​နှင့်ဆိုင်သော​အလုပ်​တို့​ကို ဆောင်ရွက်​ရ​မည်​။ သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ​နှင့်​ယဇ်ပလ္လင် အနီး​သို့​မ​လာ​ရ​။ လာမိလျှင် သင်​နှင့်အတူ သူ​တို့​ပါ သေ​ကြ​ရ​မည်​။ 4သူ​တို့​သည် သင်​နှင့်​ပူးပေါင်း​လျက် တဲ​တော်​နှင့်ဆိုင်သော​အလုပ်​ရှိသမျှ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှုကိစ္စ​ကို ဆောင်ရွက်​ရ​မည်​။ မဆိုင်​သော​သူ​ကား သင်​တို့​ထံသို့ မ​ချဉ်းကပ်​ရ​။
5သင်​တို့​သာ​လျှင် သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​၊ ယဇ်ပလ္လင်​၏​အမှုကိစ္စ​တို့​ကို ဆောင်ရွက်​ရ​မည်​။ သို့မှ နောက်တစ်ဖန် အစ္စရေး​အမျိုးသား​တို့​အပေါ်​သို့ အမျက်​တော်​မ​သက်ရောက်​ဘဲ​နေ​လိမ့်မည်​။ 6ငါ​သည် သင်​တို့​၏​အမျိုးသားချင်း​လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​ထဲ​မှ ရွေးယူ​ပြီ​။ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှုကိစ္စ​ကို​ဆောင်ရွက်​ရန် သင်​တို့​အတွက်​လက်ဆောင်​အဖြစ် ထာဝရဘုရား​ထံ ဆက်ကပ်​ထား​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။ 7သင်​နှင့်​သင်​၏​သား​တို့​ကား ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို စောင့်ထိန်း​ရ​မည်​။ ယဇ်ပလ္လင်​နှင့် ကန့်လန့်ကာ​အတွင်း​ရှိ အလုပ်​ဟူသမျှ​ကို လုပ်ဆောင်​ရ​မည်​။ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်​ခြင်း​ကို သင်​တို့​အား လက်ဆောင်​အဖြစ် ငါ​ပေး​၏​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။
ယဇ်ပုရောဟိတ်နှင့်လေဝိလူမျိုးတို့ရရှိရမည့်ဝေစု
8တစ်ဖန် ထာဝရဘုရား​က အာရုန်​အား “​ငါ့​အား ပေးလှူ​သော​အလှူပစ္စည်း​တို့​ကို သင့်​အား ငါ​ပေး​ပြီ​။ အစ္စရေး​အမျိုးသား​တို့​၏​သန့်ရှင်းသောအရာ​ရှိသမျှ​တို့​ကို သင့်​ဝေစု​အဖြစ်​လည်းကောင်း​၊ သင်​၏​သားမြေး​တို့ အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ်​လည်းကောင်း ငါ​ပေး​ပြီ​။ 9ငါ့​အား အစ္စရေး​အမျိုးသား​တို့ ပေးလှူ​သည့် ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​စသော ပူဇော်သက္ကာ​အားလုံး​တို့​ထဲမှ မီး​မ​ရှို့​ဘဲ​ဖယ်ထား​သည့် အသန့်ရှင်းဆုံး​ပူဇော်သက္ကာ​သည် သင့်​အဖို့​ဖြစ်​၍ သင်​နှင့် သင်​၏​သား​တို့​အဖို့ အသန့်ရှင်းဆုံး​သော​အရာ​ဖြစ်​၏​။ 10အထူး​သန့်ရှင်းသောနေရာ​၌ စား​ရ​မည်​။ ယောက်ျား​တိုင်း စား​ခွင့်​ရှိ​၏​။ သင့်​အဖို့ သန့်ရှင်းသောအရာ​ဖြစ်​၏​။
11အစ္စရေး​အမျိုးသား​တို့​၏​ချီမြှောက်​ရာ​အလှူပစ္စည်း​၊ ချီလွှဲရာပူဇော်သက္ကာ​အားလုံး​သည်​လည်း သင့်​အဖို့​ဖြစ်​၏​။ သင်​နှင့်​သင့်​သား​သမီး​တို့ အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ် ငါ​ပေး​ပြီ​။ သင့်​အိမ်​ရှိ စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။ 12ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ပေးလှူ​သည့် အကောင်းဆုံး​ဆီ​၊ အကောင်းဆုံး​စပျစ်ဝိုင်​အသစ်​၊ အဦးဆုံး​ကောက်ပဲသီးနှံ​စသည်​တို့​အားလုံး​ကို သင်​တို့​အား ငါ​ပေး​ပြီ​။ 13ထာဝရဘုရား​ထံ ယူဆောင်​လာ​သော သူ​တို့​ပြည်​ထွက်​အဦးဆုံးသီးနှံ​အားလုံး​သည်​လည်း သင့်​အဖို့​ဖြစ်​၏​။ သင့်​အိမ်​ရှိ စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။
14အစ္စရေး​လူမျိုး​တို့ ဆက်ကပ်​သော​အရာ​အားလုံး​သည် သင့်​အဖို့​ဖြစ်​၏​။ 15လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ ထာဝရဘုရား​ထံ ပူဇော်​သည့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သတ္တဝါ​ရှိသမျှ​သည် သင့်​အဖို့​ဖြစ်​၏​။ သို့သော် သင်​သည် လူ​၏​သားဦး​ကို အမှန်​ရွေးနုတ်​ရ​မည်​။ မစင်ကြယ်​သော​တိရစ္ဆာန်​၏​သားဦး​ကို​လည်း ရွေးနုတ်​ရ​မည်​။ 16ရွေးနုတ်​ရာ​တွင် တစ်လသား​အရွယ်​ဖြစ်​လျှင် သင်​တန်ဖိုး​ဖြတ်​ထား​သည့်​အတိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ငွေ​ငါး​ရှယ်ကယ်#18:16 “3.75 ကျပ်သား သို့မဟုတ် 57.5 ဂရမ်”။​ဖြင့် ရွေးနုတ်​ရ​မည်​။ (​တစ်​ရှယ်ကယ်#18:16 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။​လျှင် ဂေရ​နှစ်ဆယ်#18:16 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။​နှင့်​ညီမျှ​၏​။​)
17သို့သော် နွား​သားဦး​၊ ဆိတ်​သားဦး​၊ သိုး​သားဦး​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ မ​ရွေးနုတ်​ရ​။ ထို​အကောင်​တို့​၏​သွေး​ကို ယဇ်ပလ္လင်​၌ ဖျန်း​ရ​မည်​။ အဆီ​ကို​မူ ထာဝရဘုရား​ထံ မွှေးကြိုင်​သော​ရနံ့​အဖြစ် မီးရှို့ပူဇော်​ရ​မည်​။ 18ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​၊ ယာဘက်​ပေါင်​သည် သင့်​အဖို့​ဖြစ်​သကဲ့သို့ အသား​သည်​လည်း သင့်​အဖို့​ဖြစ်​၏​။
19ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့​ပေးလှူပူဇော်​သည့် သန့်ရှင်း​သော​အလှူပစ္စည်း​ရှိသမျှ​တို့​ကို အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ် သင်​နှင့် သင်​၏​သား​သမီး​တို့​အား ငါ​ပေး​၏​။ ထို​ဝေစု​သည် ထာဝရဘုရား​ရှေ့​တော်​၌ သင်​နှင့် သင်​၏​သားစဉ်မြေးဆက်​တို့​အတွက် ထာဝရ​ဆား​ပဋိညာဉ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
20တစ်ဖန် ထာဝရဘုရား​က အာရုန်​အား “​အစ္စရေး​အမျိုးသား​တို့​ပြည်​၌ သင်​အမွေဆက်ခံ​ရ​မည်​မ​ဟုတ်​။ သင့်​အတွက် ဝေစု​ရှိ​မည်​မ​ဟုတ်​။ သူ​တို့​တွင် ငါ​သည် သင့်​ဝေစု​၊ သင့်​အမွေ​ဖြစ်​၏​။
21တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​ကို ထမ်းဆောင်​ရ​သော​လေဝိ​သားမြေး​တို့​အား သူ​တို့​ထမ်းဆောင်​သော​အမှု​အတွက် အစ္စရေး​အမျိုးသား​တို့​၏​ဆယ်ဖို့တစ်ဖို့​အားလုံး​ကို အမွေ​အဖြစ် ငါ​ပေး​၏​။ 22အစ္စရေး​အမျိုးသား​တို့​သည် အပြစ်​သင့်​၍ မ​သေ​ကြ​ရ​မည့်​အကြောင်း ယခု​မှစ၍​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ မ​ချဉ်းကပ်​ရ​။ 23လေဝိ​အမျိုး​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​ကို ထမ်းဆောင်​ရ​မည်​။ သူ​တို့​သည် ကိုယ်​ပြု​မိ​သော​အပြစ်​ကို ကိုယ်​ခံရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက် ဖြစ်​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အမွေ​မ​ခံရ​။ 24အလှူပစ္စည်း​အဖြစ် ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့​ပေးလှူပူဇော်​သည့် ဆယ်ဖို့တစ်ဖို့​တို့​ကို လေဝိ​အမျိုး​တို့​အား အမွေ​အဖြစ် ငါ​ပေး​ပြီ​ဖြစ်၍ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အမွေ​မ​ခံရ​ဟု သူ​တို့​အား ငါ​ဆို​ခြင်း​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။
25တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
26“​လေဝိ​အမျိုး​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​၏​အမွေ​အဖြစ် ငါ​ပေး​သော အစ္စရေး​အမျိုးသား​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​တို့​ခံယူ​သောအခါ ထို​ဆယ်ဖို့တစ်ဖို့​၏​ဆယ်ဖို့တစ်ဖို့​ကို အလှူပစ္စည်း​အဖြစ် ထာဝရဘုရား​အား ပေးလှူပူဇော်​ရ​မည်​။ 27သင်​တို့​၏​အလှူပစ္စည်း​ကို ကောက်နယ်တလင်း​မှ ကောက်ပဲသီးနှံ​ကဲ့သို့​လည်းကောင်း​၊ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ရည်​ကဲ့သို့​လည်းကောင်း မှတ်ယူ​မည်​။ 28ထိုသို့ အစ္စရေး​အမျိုးသား​တို့​ထံ​မှ သင်​တို့​ခံယူ​ရရှိ​သော​ဆယ်ဖို့တစ်ဖို့​အားလုံး​ထဲမှ အလှူပစ္စည်း​ကို ထာဝရဘုရား​အား ပေးလှူပူဇော်​ရ​မည်​။ ထို​ဆယ်ဖို့တစ်ဖို့​ထဲမှ ထာဝရဘုရား​အား ပေးလှူပူဇော်​သော အလှူပစ္စည်း​ကို ယဇ်ပုရောဟိတ်​အာရုန်​အား သင်​တို့​ပေး​ရ​မည်​။ 29သင်​တို့​ခံယူ​ရရှိ​သော​ပူဇော်သက္ကာ​အားလုံး​ထဲမှ ထာဝရဘုရား​နှင့်ဆိုင်သော​အလှူပစ္စည်း​ကို ပေးလှူပူဇော်​ရ​မည်​။ အကောင်းဆုံး​အလှူပစ္စည်း​၊ သန့်ရှင်း​သော​အလှူပစ္စည်း​ကို ပေးလှူပူဇော်​ရ​မည်​။
30လေဝိ​အမျိုးသား​တို့​အား ပြော​လော့​။ ဆယ်ဖို့တစ်ဖို့​ထဲမှ အကောင်းဆုံး​အရာ​ကို ပေးလှူ​သောအခါ ကောက်နယ်တလင်း​မှ အသီးအနှံ​ကဲ့သို့​လည်းကောင်း​၊ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ရည်​ကဲ့သို့​လည်းကောင်း မှတ်ယူ​ရ​မည်​။ 31ထို​ပူဇော်သက္ကာ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ သင်​တို့​ထမ်းဆောင်​ရ​သော​အမှု​အတွက် လုပ်အားခ​ဖြစ်​သောကြောင့် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ထို​အရာ​ကို မည်သည့်​နေရာ​တွင်​မဆို စား​ခွင့်​ရှိ​၏​။ 32သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​ထဲမှ​အကောင်းဆုံး​ကို ပေးလှူပူဇော်​သောကြောင့် သင်​တို့​အပေါ် အပြစ်​သင့်​မည်​မ​ဟုတ်​။ သင်​တို့​မ​သေ​ရ​မည့်​အကြောင်း အစ္စရေး​အမျိုးသား​တို့​၏​သန့်ရှင်းသောအရာ​တို့​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ