YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 17

17
အာရုန်တောင်ဝှေးရွေးချယ်ခံရခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သူ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် ခေါင်းဆောင်​တစ်ဦးစီ​တို့​ထံ​မှ တောင်ဝှေး​တစ်ချောင်းစီ စုစုပေါင်း​တောင်ဝှေး​တစ်ဆယ့်​နှစ်​ချောင်း​ကို ယူ​၍ သူ​တို့​၏​အမည်​အသီးသီး​ကို တောင်ဝှေး​ပေါ်၌ ရေး​လော့​။ 3အာရုန်​၏​အမည်​ကို လေဝိ​အမျိုး​၏​တောင်ဝှေး​ပေါ်၌ ရေး​ရ​မည်​။ ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အကြီးအမှူး​တစ်​ဦး​လျှင် တောင်ဝှေး​တစ်ချောင်းစီ​ရှိ​ရ​မည်​။ 4ထို​တောင်ဝှေး​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အထဲ​ရှိ​သက်သေခံချက်​ရှေ့​၊ သင်​တို့​နှင့်​ငါ​တွေ့ဆုံ​ရာ​နေရာ​၌ ထား​ရ​မည်​။ 5ငါ​ရွေးချယ်​သော​သူ​၏​တောင်ဝှေး​သည် အတက်ပေါက်​လိမ့်မည်​။ ဤသို့ဖြင့် သင်​တို့​ကို အပြစ်တင်​နေ​ကြ​သော အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ရပ်စဲ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
6မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​သဖြင့် သူ​တို့​၏​ခေါင်းဆောင်​အသီးသီး​တို့​သည် မိမိ​တို့​ဘိုးဘေး​များ​၏​အမျိုးအနွယ်​အလိုက် ခေါင်းဆောင်​တစ်​ဦး​လျှင် တောင်ဝှေး​တစ်ချောင်းစီ စုစုပေါင်း​တောင်ဝှေး​တစ်ဆယ့်​နှစ်​ချောင်း​ကို သူ့​အား​ပေး​ကြ​၏​။ ထို​တောင်ဝှေး​များ​ထဲ​တွင် အာရုန်​၏​တောင်ဝှေး​လည်း​ပါ​၏​။ 7မောရှေ​သည် ထို​တောင်ဝှေး​တို့​ကို သက်သေခံချက်​တဲ​တော်​အတွင်း ထာဝရဘုရား​ရှေ့​တော်​၌ ထား​လေ​၏​။
8နောက်တစ်နေ့​၌ မောရှေ​သည် သက်သေခံချက်​တဲ​တော်​ထဲသို့ ဝင်​သောအခါ လေဝိ​အမျိုးအနွယ်​၊ အာရုန်​၏​တောင်ဝှေး​သည် အတက်ပေါက်​လျက်​၊ အဖူး​ဖူး​လျက်​၊ အပွင့်​ပွင့်​လျက်​၊ ဗာဒံသီး​သီး​လျက်​ရှိ​သည်​ကို တွေ့​လေ​၏​။ 9မောရှေ​သည် တောင်ဝှေး​အားလုံး​ကို ထာဝရဘုရား​ရှေ့​တော်​မှ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ထံသို့ ယူဆောင်​လာ​၍ သူ​တို့​သည် ကြည့်ရှု​ပြီး မိမိ​၏​တောင်ဝှေး​ကို အသီးသီး​ပြန်ယူ​ကြ​၏​။ 10ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​တောင်ဝှေး​ကို သူ​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ် သက်သေခံချက်​ရှေ့​၌ ပြန်ထား​လော့​။ သို့ပြုလျှင် ပုန်ကန်သူ​တို့​မြည်တွန်တောက်တီး​သော​အသံ​ရပ်စဲ​၍ သူ​တို့​သည် သေဘေး​နှင့်​ကင်းလွတ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 11မောရှေ​သည်​လည်း ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း ပြု​လေ​၏​။
12အစ္စရေး​အမျိုးသား​တို့​က မောရှေ​အား “​အကျွန်ုပ်​တို့ သေ​ကြ​ရ​တော့​မည်​။ အကျွန်ုပ်​တို့ ပျက်စီး​ကြ​ရ​တော့​မည်​။ အကျွန်ုပ်​တို့​အားလုံး ပျက်စီး​ကြ​ရ​တော့​မည်​။ 13ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နားသို့​လာ​သော​သူ​တိုင်း သေ​ရ​မည်​ဖြစ်၍ အကျွန်ုပ်​တို့​အားလုံး​သေ​ကြ​ရ​တော့​မည်​လော​”​ဟု ဆို​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ